Connect with us

Asia

ဗီယက်နမ်နိုင်ငံတွင် မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်သူ ၃ ဦးကို သေဒဏ်ပေး

ဘိန်းဖြူများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ မတ် ၁၉ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံတွင် မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုအတွက် တရားရုံးက နိုင်ငံသား ၃ ဦးအား သေဒဏ်ပေးခဲ့သလို နောက်ထပ်တစ်ဦးကို တစ်သက်တစ်ကျွန်းပြစ်ဒဏ်ပေးခဲ့ကြောင်း ဒေသခံမီဒီယာက မတ်လ ၁၉ ရက်တွင် ပြောကြားလိုက်သည်။

ဟနွိုင်းပြည်သူ့တရားရုံးက အသက် ၄၇ နှစ်အရွယ် Vu Thi Thu Hoai နှင့် အသက် ၂၄ နှစ်အရွယ် Vu Thi Hai Yen အမျိုးသမီးနှင့် အသက် ၄၀ နှစ်အရွယ်အမျိုးသား Le Trung Thanh တို့အား သေဒဏ်ပေးခဲ့ပြီး အသက် ၄၂ နှစ်အရွယ်အမျိုးသမီး Pham Thi Hop တို့အား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်များ ချမှတ်လိုက်ကြောင်း၊ ၎င်းတို့အားလုံးမှာ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Hai Phong မြို့မှဖြစ်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီအရ သိရသည်။

Hop အနေဖြင့် အမှုတွင် ကြိုးကိုင်သူဖြစ်သော်လည်း ၎င်းတွင် လက်ရှိ အသက် ၃၆ လအရွယ်အောက် ကလေးရှိသည့်အတွက် ပြစ်ဒဏ်ပေါ့သွားခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဇွန်လက Hoai နှင့် Yen တို့သည် Hop က မူးယစ်ဆေးဝါးများအား ဟိုချီမင်းစီးတီးမှ Hai Phong သို့ သယ်ယူပို့ဆောင်ရန် ပြောကြားခဲ့သည်။ ဟနွိုင်းမြို့ရှိ နွိုင်ဘေအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ၎င်းတို့နှစ်ဦး၏ ခရီးဆောင်အိတ်အတွင်းမှ မူးယစ်ဆေး ၂.၆ ကီလိုဂရမ် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ထိုအတောအတွင်းမှာပင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် Hop မှ စီစဉ်ညွှန်ကြားခဲ့သော နောက်ထပ်မူးယစ်ဆေးအမှု၌ Thanh ပါဝင်ခဲ့ပြီး မက်သာဖက်တမင်းများအား ကမ္ဘောဒီးယားနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ သယ်ဆောင်စဉ် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ဗီယက်နမ်ဥပဒေအရ ဘိန်းဖြူ ၆၀၀ ဂရမ်ကျော် သို့မဟုတ် မက်သာဖက်တမင်း ၂.၅ ကီလိုဂရမ် မှောင်ခိုတင်သွင်းပါက သေဒဏ်ပြစ်ဒဏ်ကျခံရမည် ဖြစ်ကြောင်း၊ ဘိန်းဖြူ ၁၀၀ ဂရမ် သို့မဟုတ် အခြား တရားမဝင်မူးယစ်ဆေးများ ၃၀၀ ဂရမ် ပြုလုပ်ခြင်း သို့မဟုတ် ကုန်ကူးခြင်းပြုလုပ်ပါက သေဒဏ်ကျခံရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)