Connect with us

Asia

ဗီယက်နမ်နိုင်ငံတွင် သဘာဝဘေးအန္တရာယ်ကြောင့် လူ ၆၂ ဦးသေဆုံးကာ ၅ ဦးပျောက်ဆုံးနေ

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Ninh Thuan ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဖုံးလွှမ်းနေသည့်လမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ - VNA via Xinhua)

ဟနွိုင်း၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ပြီးခဲ့သည့်ရက်အနည်းငယ်က သဘာဝဘေး အန္တရာယ်များကြောင့်  လူ ၆၂ ဦး သေဆုံးကာ ၅ ဦးပျောက်ဆုံးနေကြောင်း သဘာဝဘေး တားဆီးထိန်းချုပ်ရေး ဗဟိုဦးဆောင်ကော်မတီက အောက်တိုဘာ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

ကော်မတီ၏ နောက်ဆုံးအစီရင်ခံစာအရ Quang Tri ၊ Thua Thien Hue နှင့် Quang Nam စသည့်ပြည်နယ်များတွင် အောက်တိုဘာ ၁၆ ရက်နေ့က လူသေဆုံးမှု ၅ ဦး မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Ninh Thuan ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဖုံးလွှမ်းနေသည့် စာသင်ကျောင်းကို တွေ့ရစဉ် (ဓာတ်ပုံ – VNA via Xinhua)
အဆိုပါ ဒေသများရှိ စပါးစိုက်ကွင်း ၉၂၄ ဟက်တာနှင့် အခြားသီးနှံစိုက်ခင်း ၂၃၂,၉၀၀ ဟက်တာနီးပါး ရေနစ်မြုပ်ခဲ့သည်။ တစ်ချိန်တည်းတွင် ကျွဲနွားနှင့် မွေးမြူရေးတိရစ္ဆာန် အကောင်ရေ ၄၆၁,၆၀၀ ကျော်မှာ သေဆုံးခြင်း သို့မဟုတ် ရေစီးနှင့်မျောပါခြင်း ဖြစ်ပွားခဲ့ကြောင်း ကော်မတီက ဆိုသည်။

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းနှင့် မြောက်အလယ်ပိုင်းဒေသများတွင် အောက်တိုဘာ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် Nangka တိုင်ဖုန်းမုန်တိုင်းကြောင့် မြောက်ပိုင်း Hoa Binh ပြည်နယ်တွင် လူ ၂ ဦးသေဆုံးခဲ့ပြီး Yen Bai ပြည်နယ်တွင် နောက်ထပ် လူတစ်ဦးပျောက်ဆုံးလျက်ရှိကြောင်း အစီရင်ခံစာအရ သိရသည်။

လေတိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်း ၊မြေပြိုခြင်းနှင့် မိုးသည်းထန်ခြင်းများ စသည့်  သဘာဝဘေးအန္တရာယ်များကြောင့် စီးပွားရေးအရဆုံးရှုံးမှုမှာ ဗီယက်နမ်ငွေ ဒေါင် ၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၁၇.၄ သန်း) ရှိကြောင်း ကော်မတီက ပြောခဲ့သည်။  (Xinhua)