Connect with us

Asia

လက်ဘနွန်၌ ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များအဖြစ် သွားရောက်တာဝန်ထမ်းဆောင်မည့် ၇ သုတ်မြောက် ကမ္ဘောဒီးယားစစ်သည်များထွက်ခွာ


ဖနွမ်းပင်၊ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ၌ ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များအဖြစ် သွားရောက် တာဝန်ထမ်းဆောင်ကြမည့် ကမ္ဘောဒီးယားနိုင်ငံမှ စစ်သည် ၁၈၄ ဦးသည် ဖနွမ်းပင်မြို့မှ ဇန်နဝါရီလ ၄ ရက်က စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း သိသည်။

အဆိုပါတပ်ဖွဲ့ဝင်များသည် ၇ သုတ်မြောက် ကမ္ဘောဒီးယားစစ်သည်များဖြစ်ကြပြီး ယခင်က ၆ သုတ်မြောက်သွားရောက်တာဝန်ထမ်းဆောင်နေကြသည့် ကမ္ဘောဒီးယားစစ်သည်များနေရာ၌ အစားထိုးတာဝန်ထမ်းဆောင်သွားကြမည်ဖြစ်ကြောင်းသိရသည်။၎င်းတို့၏ တာဝန်ကာလမှ တစ်နှစ်တိတိကြာမြင့်မည်ဖြစ်သည်။

လက်ဘနွန်နိုင်ငံ၌ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များအဖြစ်သွားရောက်တာဝန်ထမ်းဆောင်မည့် ကမ္ဘောဒီးယားစစ်သည်များအားတွေ့ရစဉ်(ဆင်ဟွာ)

သတ္တမအသုတ်က စစ်အင်ဂျင်နီယာတပ်ဖွဲ့အုပ်စုဖြစ်ပြီး အမျိုးသမီးစစ်သည် ၁၆ ဦး ပါဝင်ကြောင်း ၊ ၎င်းတို့သည် မြေမြှုပ်မိုင်းရှင်းလင်းရေး နှင့် လမ်းဖောက်ခြင်း၊ တံတားဆောက်ခြင်း ၊ ယာယီတဲတည်ဆောက်ခြင်း နှင့် လုံခြုံရေးအကာအရံများတည်ဆောက်ခြင်း လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ကြမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားတော်ဝင်စစ်တပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Pol Saroeun ကပြောသည်။

“ ဒီလို ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့စေလွှတ်တာဟာ ကမ္ဘာ့တည်ငြိမ်အေးချမ်းရေး နဲ့လုံခြုံရေးတွေမှာ ကမ္ဘောဒီးယားနိုင်ငံရဲ့ ပူးပေါင်းပါဝင်မှု လုပ်ဆောင်ချက်ကို ရောင်ပြန်ဟပ်စေပါတယ်” ဟု ဖနွမ်းပင်လေတပ်အခြေစိုက်စခန်း၌ ပြုလုပ်သော စစ်သည်တော်များထွက်ခွာခြင်းအခမ်းအနားတွင် ဗိုလ်ချုပ်ကြီးက မိန့်ခွန်းပြောကြားခဲ့သည်။

ကမ္ဘောဒီးယားစစ်သည်များအနေဖြင့် လက်ဘနွန်နိုင်ငံ၏ လွတ်လပ်မှု နှင့် အချုပ်အခြာအာဏာကို တင်းတင်းကြပ်ကြပ် လေးစားကြရန် နှင့် လူသားချင်းစာနာမှုဆိုင်ရာအစီအစဉ်ကို အပြည့်အဝအကောင်အထည်ဖော်နိုင်ရေးအတွက် ကြိုးစားကြရန် ၎င်းက လမ်းညွှန်ချက်ပေးခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP) ဌာနေကိုယ်စားလှယ် Alexandre Huynh က ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးအစီအစဉ်တွင် ပါဝင်ခြင်းမှာ ကမ္ဘာ့အရေးတွင် ကမ္ဘောဒီးယားနိုင်ငံ၏ ပူးပေါင်းပါဝင်မှု အဆင့်အတန်းကို ပြသရာရောက်ကြောင်း ပြောကြားခဲ့သည်။

“ ပဋိပက္ခဖြစ်ပွားနေတဲ့ တိုင်းပြည်တွေကို အခြားတိုင်းပြည်တွေက ကူညီတာ ၊ ကိုယ့်ရဲ့ ကျွမ်းကျင်မှုကို မျှဝေပေးတာဟာ အလွန်တန်ဖိုးရှိသလို ၊ အခြားသူများစွာကို မျှော်လင့်ချက်ရောင်ခြည်တွေပေးတဲ့ အခြေခံအရင်းအမြစ်ပါပဲ” ဟု ၎င်းက ဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ၂ဝဝ၆ ခုနှစ်ကတည်းက စတင်ကာ ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့အတွက် အမျိုးသမီးစစ်သည် ၁၅၁ ဦးအပါအဝင် စုစုပေါင်း ၄၁၈ဝ ဦးထိ ပါဝင်တာဝန်ထမ်းဆောင်ခဲ့ပြီဖြစ်ကြောင်း ၊ ၎င်းတို့သည် ဆူဒန် ၊ တောင်ဆူဒန် ၊ ချဒ် ၊ ဗဟိုအာဖရိက ၊ လက်ဘနွန် ၊ မာလီ ၊ ဆီးရီးယား နှင့် ဆိုက်ပရက်စ်နိုင်ငံများတွင် သွားရောက်တာဝန်ထမ်းဆောင်ထားကြကြောင်း ၎င်း ကဆက်လက်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.