Connect with us

Asia

အင်ဒိုနီးရှား နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် ငလျင် နှင့် ဆူနာမီ အဘယ်ကြောင့် သေဆုံးမှု များပြား ခဲ့သနည်း


ပေကျင်း ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှား နိုင်ငံ Central Sulawesi ပြည်နယ် တွင် စက်တင်ဘာ ၂၈ ရက် ၌ ပြင်းအား ၇.၄ အဆင့် ရှိ ငလျင် လှုပ်ခတ်ခဲ့ပြီး ဆူနာမီ ဖြစ်ပေါ်ခဲ့ရာ အောက်တိုဘာ ၁ ရက်နေ့ အချိန်ထိ သေဆုံးသူပေါင်း ၁,၂၀၀ ကျော် အထိ ရောက်ရှိ ခဲ့ပြီး အင်ဒိုနီးရှား နိုင်ငံ အစိုးရ အရာရှိ တစ်ဦး ၏ ပြောကြားချက်အရ သေဆုံးသူ စာရင်း ပိုမို မြင့်တက်လာနိုင်ကြောင်း သိရှိရသည်။ ကြက်ခြေနီ နှင့် လခြမ်းနီ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း က အင်ဒိုနီးရှား နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် ဖြစ်ရပ် က ဝမ်းနည်းဖွယ် ဖြစ်ရပ် တစ်ခု ဖြစ်ပြီး အခြေအနေ ပိုမိုဆိုးရွား လာနိုင်ကြောင်း ထုတ်ပြန် ခဲ့သည်။

အင်ဒိုနီးရှား နိုင်ငံ က ပစိဖိတ်သမုဒ္ဒရာ ၏ ငလျင်ကြော ပေါ်တွင် တည်ရှိနေပြီး မကြာခဏ ငလျင်လှုပ်ခတ်ခြင်း ၊ မီးတောင်ပေါက်ကွဲခြင်း နှင့် ဆူနာမီ တိုက်ခိုက်ခံရခြင်း တို့ ဖြစ်ပွား လေ့ရှိသည်။ ၂၀၀၄ ခုနှစ် ၌ အိန္ဒိယ သမုဒ္ဒရာ တွင် ဖြစ်ပွား ခဲ့သည့် ဆူနာမီ က အရှေ့တောင် အာရှ နိုင်ငံ များ နှင့် အာဖရိတိုက် အရှေ့ပိုင်းရှိ နိုင်ငံများ ကို ထိခိုက်စေခဲ့ပြီး လူပေါင်း ၂ သိန်းကျော် သေဆုံးမှု ဖြစ်ပွား စေခဲ့ရာ တွင် အင်ဒိုနီးရှား နိုင်ငံ က ထိခိုက်မှု အကြီးမားဆုံး ဖြစ်ပွား ခဲ့သည့် နိုင်ငံ ဖြစ်သည်။

အင်ဒိုနီးရှား နိုင်ငံ တွင် ဆူနာမီကြောင့် ဆိုးရွားသည့် ဘေးဒုက္ခ ထပ်မံ ဖြစ်ပွား ခဲ့ရခြင်း နှင့် ပတ်သက်၍ ပညာရှင်များ က အဓိက အားဖြင့် အင်ဒိုနီးရှား နိုင်ငံ တွင် ဆူနာမီ သတိပေး စနစ် ပျက်ယွင်းနေခြင်း နှင့် အချင်းဖြစ်ပွား ခဲ့သည့် မြို့နယ် ၏ တည်နေရာ အနေအထား ထူခြားမှု တို့ကြောင့် ဖြစ်ပြီး ယခု အကြိမ် ဆူနာမီ ဖြစ်ပေါ်မှု ၏ ထူးခြားချက် လည်း ပါဝင်ကြောင်း သုံးသပ် ခဲ့ကြသည်။

နိုင်ငံတကာ အသိုင်းအဝိုင်း ၏ ကူညီထောက်ပံ့မှု အောက်တွင် အင်ဒိုနီးရှား နိုင်ငံ ၌ တိုင်းတာရေး ကိရိယာ ၂၂ ခု ဖြင့် ဖွဲ့စည်းထားသည့် ဆူနာမီ တိုင်းတာရေး နှင့် သတိပေး ကွန်ယက် ကို တည်ဆောက်ပေးခဲ့သည်။ ယင်း တိုင်းတာရေး ကိရိယာ များ က ပင်လယ်ကြမ်းပြင် အခြေအနေ အာရုံခံမှု ကိရိယာ များနှင့် ချိတ်ဆက်ထားပြီး အတိုင်းအတာ သေးငယ်သည့် ဖိအားပြောင်းလဲမှု များကို သိရှိနိုင်ပြီး ဆူနာမီ သတိပေးချက်များ ထုတ်လွှင့်ပေးနိုင်သည်။ သို့သော် အင်ဒိုနီးရှား နိုင်ငံ သဘာဝဘေး တာဆီးကာကွယ်ရေး အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho က ယခု အကြိမ် ဆူနာမီ ဖြစ်ပွား ပြီးနောက် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် နိုင်ငံတကာ အသိုင်းအဝိုင်း မှ ကူညီထောက်ပံ့ပေးခဲ့သည့် ဆူနာမီ သတိပေး ကိရိယာ များ က ၂၀၁၂ ခုနှစ် မှ စတင်၍ လုပ်ငန်းလည်ပတ်နိုင်မှု လုံးဝမရှိတော့ကြောင်း ပြောကြား ခဲ့သည်။

အင်ဒိုနီးရှား နိုင်ငံ အစိုးရ အရာရှိ တစ်ဦး ၏ ပြောကြားချက်အရ အဆိုပါ ဆူနာမီ တိုင်းတာရေး ကိရိယာ များ အနက် အချို့ မှာ ဖျက်ဆီးခိုးယူခြင်း ခံခဲ့ရပြီး အချို့ မှာ ပြုပြင်ထိန်းသိမ်းမှု အားနည်းသောကြောင့် သုံးစွဲမှု ရပ်ဆိုင်းခဲ့ရကြောင်း ပြောကြား ခဲ့သည်။ လက်ရှိချိန်တွင် အင်ဒိုနီးရှား နိုင်ငံ ၏ ဆူနာမီ သတိပေး စနစ် မှာ အဓိက အားဖြင့် ငလျင်တိုင်းတာရေး ကိရိယာ နှင့် ဒီရေ အနိမ့်အမြင့် တိုင်းတာရေး ကိရိယာ အပေါ် မှီခိုနေသည်။ အမေရိကန် နိုင်ငံ University of Pittsburgh အများပြည်သူ နှင့် နိုင်ငံတကာ ရေးရာ ဌာန ပါမောက္ခ ၊ သဘာဝဘေး စီမံခန့်ခွဲမှု စင်တာ ဌာနမှူး Louise K. Comfort က အင်ဒိုနီးရှား နိုင်ငံ ဆူနာမီ တိုင်းတာရေး နှင့် သတိပေး ကွန်ယက် ကို တည်ဆောက် စဉ် ပါဝင်ခဲ့သူ တစ်ဦး ဖြစ်ပြီး ၎င်း က ဆူနာမီ သတိပေး သည့် နည်းပညာ မှာ တည်ရှိနေပြီး ဖြစ်ကာ အင်ဒိုနီးရှား နိုင်ငံ တွင် ဆူနာမီ ကြောင့် လူများစွာ ထပ်မံ သေဆုံးခဲ့ရသည့် အတွက် လွန်စွာ ဝမ်းနည်းမိကြောင်း သတင်းမီဒီယာ များအား ပြောကြား ခဲ့သည်။

အင်ဒိုနီးရှား နိုင်ငံ တွင် စက်တင်ဘာ ၂၈ ရက် ၌ ငလျင် နှင့် ဆိုနာမီ ဖြစ်ပွား ပြီးနောက် မြင်ကွင်း(ဆင်ဟွာ)

အင်ဒိုနီးရှား နိုင်ငံ တွင် စက်တင်ဘာ ၂၈ ရက် ၌ ငလျင် နှင့် ဆိုနာမီ ဖြစ်ပွား ပြီးနောက် မြင်ကွင်း(ဆင်ဟွာ)

အင်ဒိုနီးရှား နိုင်ငံ တွင် စက်တင်ဘာ ၂၈ ရက် ၌ ငလျင် နှင့် ဆိုနာမီ ဖြစ်ပွား ပြီးနောက် မြင်ကွင်း(ဆင်ဟွာ)

ယခု ဖြစ်စဉ် တွင် အင်ဒိုနီးရှား နိုင်ငံ မိုးလေဝသ ၊ ရာသီဥတု နှင့် ဘူမိရူပ အေဂျင်စီ က ဆူနာမီ သတိပေးချက် ထုတ်ပြန် ခဲ့ပြီးနောက် ၃၄ မိနစ် အကြာ တွင် သတိပေးချက် အား ပြန်လည် ရုပ်သိမ်း ခဲ့သည့် အတွက် လူမှုကွန်ယက် တွင် ဝေဖန်မှုများစွာ ဖြစ်ပေါ် ခဲ့သည်။ အင်ဒိုနီးရှား နိုင်ငံ မိုးလေဝသ ၊ ရာသီဥတု နှင့် ဘူမိရူပ အေဂျင်စီ က ၎င်းတို့ အနေဖြင့် စံသတ်မှတ်ချက် ပုံစံ အတိုင်းဆောင်ရွက် ခဲ့ခြင်း ဖြစ်ပြီး ဒီရေအနိမ့်အမြင့် မှတ်တမ်းအရ ပင်လယ်ပြင် အခြေအနေ ပြောင်းလဲမှု လွန်စွာ မထူးခြား သောကြောင့် သတိပေးချက်အား ပြန်လည် ရုပ်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း ဖြေရှင်းချက် ထုတ်ပြန် ခဲ့သည်။

စက်တင်ဘာ ၂၈ ရက် ၌ ဖြစ်ပွား ခဲ့သည့် ဆူနာမီ ကြောင့် သဘာဝ ဘေးကြောင့် အဆိုးရွားဆုံး ခံခဲ့ရသည် မှာ ငလျင်ဗဟိုချက် နှင့် ကီလိုမီတာ ၈၀ ကွာဝေးသည့် Palu မြို့ ဖြစ်သည်။ ဆူနာမီ ရောက်ရှိလာချိန်တွင် Palu မြို့ ကမ်းခြေ ၌ လူပေါင်းများစွာ သဲတောင်ပြင် ပွဲတော် အစီအစဉ် အား ပါဝင် ဆင်နွှဲ နေကြသည်။ အင်ဒိုနီးရှား နိုင်ငံ သဘာဝဘေး တာဆီးကာကွယ်ရေး အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho က သတိပေးချက် အားနည်းမှုကြောင့် လူများက အန္တရာယ် ကျရောက် တော့မည် ကို မသိရှိကြဘဲ ပင်လယ်ကမ်းခြေတွင် ဆက်လက် လှုပ်ရှား နေခဲ့ကြကြောင်း ပြောကြား ခဲ့သည်။

ပညာရှင်များ က Palu မြို့ ၏ ထူးခြားပေး တည်နေရာ နှင့် ပထဝီ အနေအထား တို့ကြောင့် ဆူနာမီ ဖျက်ဆီးမှု စွမ်းအား ကို ပိုမို ပြင်းထန်စေခဲ့ခြင်းသည် သေဆုံးဒဏ်ရာရရှိမှု များစွာ ဖြစ်ပွား ခဲ့သည့် အကြောင်းရင်း တစ်ရပ် ဖြစ်ကြောင်း သုံးသပ် ခဲ့ကြသည်။

အမေရိကန် နိုင်ငံ “SEISMOLOGICAL RESEARCH LETTERS” အယ်ဒီတာချုပ် ၊ Georgia Institute of Technology ပါမောက္ခ ဖိန်ကျစ်ကမ်း(Peng Zhigang) က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု ကို ဖြေကြားရာတွင် Palu မြို့ က ပင်လယ်ဝ တွင် တည်ရှိနေပြီး ဘေးနှစ်ဖက် တောင်တန်း မှာ မြင့်မား ပြီး အလယ်တွင် နိမ့်ဆင်းနေသောကြောင့် အသံချဲ့ ပြောဆိုရာ တွင် အသုံးပြု သည့် ကတော့ ပုံသဏ္ဍာန် ၏ အဝ သဖွယ် ဖြစ်နေသောကြောင့် ဆူနာမီ အား ပိုမို ပြင်းထန်စေခဲ့ပြီး မထင်မှတ်ထားသည့် ဘေးဒုက္ခ ဖြစ်ပွား ခဲ့ရကြောင်း သိရှိရသည်။

ဖိန်ကျစ်ကမ်း က ယခု အကြိမ် ငလျင်ကြောင့် ဖြစ်ပွား ခဲ့သည့် ဆူနာမီ သည် ၂၀၁၁ ခုနှစ် ဂျပန် ငလျင်ကြီး နောက်ပိုင်း အဆိုးရွားဆုံး တစ်ကြိမ်ဖြစ်ကြောင်း ၊ သမိုင်းတစ်လျှောက် တွင် အဆင့် ၇ မှ ၈ အထိ ငလျင် ကြောင့် ဘေးဒုက္ခ ပုံစံ ဆူနာမီ များ ဖြစ်ပေါ် ဖူးသော်လည်း လွန်စွာ ရှားပါးသည် ဟု ငလျင်ပညာရှင်များ က ခံယူထားကြောင်း ပြောကြား ၊ ယခု အကြိမ် ဖြစ်ပွား ခဲ့သည့် ငလျင် သည် ပါလူး-ခလူးစ် ပြတ်ရွေ့ကြော ပေါ် မှ ဖြစ်ပေါ် ခဲ့သည့် Strike-slip earthquake တစ်ခု ဖြစ်ပြီး ယင်းကဲ့သို့သော ငလျင် မှာ လွန်စွာ ကြီးမားသည့် ဆူနာမီ မဖြစ်ပေါ် နိုင်ကြောင်း ပုံမှန် အားဖြင့် သတ်မှတ် ထားကြကြောင်း ၊ ယင်းကဲ့သို့သော ငလျင် နှင့် နှိုင်းယှဉ်လျှင် ပင်လယ် ကမ်းပြင် တွင် ဖြစ်ပွား သည့် အဆင့် ၈ အထက် ငလျင် က ဖျက်ဆီးမှု စွမ်းအင်း ပြင်းထန်သည့် ဆူနာမီ ပိုမို ဖြစ်ပွား နိုင်ကြောင်း ပြောကြား ခဲ့သည်။

ယခု အကြိမ် အင်ဒိုနီးရှား နိုင်ငံ ၌ ဖြစ်ပွား ခဲ့သည့် ငလျင်ကြောင့် Palu မြို့ အနီး ပင်လယ်ပြင် တွင် ၆ မီတာ မြင့်မား သည့် ပင်လယ်ရေလှိုင်း ဖြစ်ပေါ်ခဲ့သည်။ ငလျင် ပညာရှင် အချို့ က ငလျင်ကြောင့် ပင်လယ်ကြမ်းပြင် သို့ ထပ်ဆင့် ဖျက်ဆီးမှု ဖြစ်ပေါ် စေခဲ့ပြီး ပင်လယ်ကြမ်းပြင်လှုပ်ရှားမှုကြောင့် ရုတ်တရက် ကြီးမား သည့် ဆူနာမီ ဖြစ်ပေါ် စေခဲ့ကြောင်း မှန်းဆခဲ့ကြသည်။ သို့သော် ယင်း မှန်းဆမှု များမှာ ထင်မြင်ချက် အဆင့်တွင် သာရှိပြီး အတည်ပြုချက် မရရှိသေးကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.