Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ Sumba ကျွန်း၌ အင်အားပြင်းငလျင်လှုပ် ၊ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းမရှိ

အင်ဒိုနီးရှားနိုင်ငံ Sumba ကျွန်း၌ ငလျင်လှုပ်ခတ်ပြီးနောက် တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း Sumba ကျွန်း၌ ယနေ့အောက်တိုဘာ ၂ ရက်တွင် ပြင်းအား ၆.ဝ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားသော်လည်း ဆူနာမီသတိပေးချက်ထုတ်ပြန်ထားခြင်း မရှိသလို ပျက်စီးဆုံးရှုံးမှုသတင်းလည်း ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း တာဝန်ရှိသူများက ဆိုသည်။

မိုးလေဝသ နှင့် ဘူမိရူပ အေဂျင်စီ၏ ကနဦးပြောကြားချက်အရ ငလျင်သည် ပြင်းအား ၆.၃ အဆင့်ရှိကြောင်း နှင့် နောက်ပိုင်းတွင် ပြင်းအားကို လျှော့ချခဲ့ကြောင်း အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Budiman ဆိုသည်။

၎င်းငလျင်သည် ဒေသစံတော်ချိန်နံနက် ၇ နာရီ ၁၆ မိနစ်တွင် အရှေ့Nusa Tenggara ပြည်နယ် Sumba Timur အနောက်တောင်ပိုင်း ၆၆ ကီလိုမီတာအကွာ၌ လှုပ်ခတ်ခဲ့ပြီး ငလျင်ဗဟိုချက်မှာ ပင်လယ်ရေပြင်အောက် အနက် ၁ဝ ကီလိုမီတာ၌ တည်ရှိကြောင်း တာဝန်ရှိသူက ဆင်ဟွာသတင်းဌာနသို့ဖုန်းဖြင့် ဖြေကြားခဲ့သည်။

ပြင်းအား ၆.ဝ အဆင့်ရှိ ငလျင်တစ်ခု မလှုပ်ခတ်မီ ၁၇ မိနစ်အလိုကလည်း ၎င်းပြည်နယ်အတွင်း၌ ပြင်းအား ၅.၉အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သေးကြောင်း တာဝန်ရှိသူက ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံအမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho က ဆင်ဟွာသတင်းဌာနသို့ဖုန်းဖြင့် စာတိုပေးပို့ရာတွင် ငလျင်ကြောင့် အထိတ်တလန့်ဖြစ်ခဲ့ရကြောင်း ၊ သို့သော် ပျက်စီးဆုံးရှုံးမှုအခြေအနေကို မသိရသေးကြောင်း ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံသည် ပစိဖိတ်မီးစက်ဝိုင်း( Pacific Ring of Fire ) ဟု ခေါ်ဆိုသည့် ငလျင်ဧရိယာအတွင်း ကျရောက်နေသဖြင့် မကြာခဏ ငလျင်ဒဏ်သင့်သည့် နေရာတစ်ခုဖြစ်နေသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.