Connect with us

Asia

BRICS ထိပ်သီးအစည်းအဝေး တွင် အပြုသဘောဆောင်သော ဆွေးနွေးမှုများ ပြုလုပ်နိုင်မည်ဟု အိန္ဒိယဝန်ကြီးချုပ် မျှော်လင့်

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီ (ဝဲ) နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) တို့ ၂၀၁၆ခုနှစ် ဇွန်၂၃ ရက် ၌တွေ့ဆုံစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီ က တရုတ်နိုင်ငံ ရှမိန်မြို့တွင် စက်တင်ဘာ ၃ မှ ၅ရက်အထိကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေး ၌ အကျိုးဖြစ်ထွန်းမှုရှိသော အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်နိုင်မည်ဟု မျှော်လင့်ပါကြောင်း စက်တင်ဘာ ၂ ရက်က ပြောကြားခဲ့သည်။

မိုဒီက အိန္ဒိယနိုင်ငံသည် ယင်းထိပ်သီးအစည်းအဝေးတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။၎င်းက အိန္ဒိယနိုင်ငံ ဂိုအာမြို့တွင် ၂၀၁၆ခုနှစ် က BRICS ထိပ်သီးအစည်းအဝေး ကို လက်ခံကျင်းပခွင့်ရခဲ့ကြောင်း၊ ဂိုအာထိပ်သီးအစည်းအဝေး မှ ထွက်ပေါ်လာခဲ့သည့် အကျိုးရလဒ်များအပေါ် အခြေခံ၍ ဆက်လက်ဆောင်ရွက်သွားမည်ဟုမျှော်လင့်ပါကြောင်း ၎င်း၏ ဖေ့ဘွတ်စာမျက်နှာပေါ်၌ ရေးသားခဲ့သည်။

မိုဒီ တရုတ်နိုင်ငံ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှုအောက်တွင် ပိုမိုအားကောင်းသော BRICS မိတ်ဖက်ဆက်ဆံရေး အစီအစဉ်ကို ထောက်ပံ့ပေးနိုင်မည့် အကျိုးဖြစ်ထွန်းမှုရှိသော ဆွေးနွေးမှုများ နှင့် အပြုသဘောဆောင်သော ရလဒ်များကို မျှော်လင့်ပါကြောင်း၊ ထိပ်သီးအစည်းအဝေးပြင်ပ ၌ အခြားနိုင်ငံခေါင်းဆောင်များ နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

BRICS ၏ မူလအခေါ်မှာ “BRIC” ဖြစ်ပြီး ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ် စသည့် ဖွံ့ဖြိုးမှု မြန်ဆန်ပြီး အလားအလာကောင်းများရှိသော နိုင်ငံများဖြင့်ပေါင်းစုကာ Goldman Sachs စီးပွားရေးပညာရှင် Jim O’Neil က ၂၀၀၁ ခုနှစ် တွင် စတင်စုစည်းခဲ့ခြင်း ဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင်မူ တောင်အာဖရိ ပါဝင်လာပြီးနောက် BRICS ဟူ၍ အမည်ပြောင်းလဲခဲ့သည်။

ဝန်ကြီးချုပ်မိုဒီသည် BRICS ထိပ်သီးအစည်းအဝေးတက်ရောက်ရန် စက်တင်ဘာ ၃ရက်တွင် အိန္ဒိယနိုင်ငံ မှ ထွက်ခွာမည်ဟု ခန့်မှန်းရသည်။BRICS ထိပ်သီးအစည်းအဝေးတက်ရောက်ပြီးနောက် ဝန်ကြီးချုပ်သည် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၅ ရက်မှ ၇ရက်အထိ သုံးရက်တာ အလည်အပတ်လာရောက်မည်ဖြစ်သည်။ မိုဒီက ၎င်းသည် မြန်မာနိုင်ငံသမ္မတ ဦးထင်ကျော် နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)