Connect with us

Eastern Europe

ဒုတိယကမ္ဘာစစ်တွင် ဆိုဗီယက်ပြည်ထောင်စု၏ အခန်းကဏ္ဍကို မှေးမှိန်အောင် အမေရိကန်က လုပ်ဆောင်နေကြောင်း ရုရှားပြော

၂၀၂၀ ပြည့်နှစ် မေ ၉ ရက်တွင် ရုရှားနိုင်ငံ၌ ပြုလုပ်သည့် စစ်အောင်ပွဲနေ့အခမ်းအနား၌ Tu-95MS မဟာဗျူဟာမြောက် ဗုံကျဲလေယာဉ်များ သရုပ်ပြ ပျံသန်းနေစဉ်(ဆင်ဟွာ)

မော်စကို ၊ မေ ၁၁ ရက်(ဆင်ဟွာ)

ဒုတိယကမ္ဘာစစ်၏ သမိုင်းအမှန်ကို ပုံပျက်အောင် နှင့် နာဇီဂျာမနီများအား ချေမှုန်းခဲ့သည့် ဆိုဗီယက်ပြည်ထောင်စု၏ အခန်းကဏ္ဍကို မှေးမှိန်အောင် အမေရိကန်နိုင်ငံက လုပ်ဆောင်နေကြောင်း ရုရှားနိုင်ငံက ပြောကြားလိုက်သည်။

“ နာဇီတွေကို ချေမှုန်းခဲ့တဲ့ ရလဒ်တွေကို ပုံပျက်အောင် လုပ်နေတာတွေ ၊ ပြီးတော့ ကျွန်တော်တို့နိုင်ငံရဲ့ ပါဝင်မှုကို သေးသိမ်အောင် လုပ်နေတာတွေအပေါ်  ကျွန်တော်တို့ အရမ်းကို ဒေါသထွက်မိပါတယ် ” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၁၀ ရက်တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

လူမှုကွန်ရက်ပေါ်တွင် အမေရိကန်သမ္မတအိမ်ဖြူတော်မှ ရေးသားဖော်ပြနေသည့် မှတ်ချက်စကားများကို လျစ်လျူရှုထား၍ မရနိုင်ကြောင်း ၊ ၎င်းရေးသားချက်ထဲတွင် နာဇီများအပေါ် အမေရိကန် နှင့် ဗြိတိန် နိုင်ငံတို့ကသာ အနိုင်ယူခဲ့သည်ဟူ၍ ဖော်ပြခဲ့ကြောင်း ရုရှားဝန်ကြီးဌာနက ဆိုသည်။

“ အမေရိကန်အရာရှိတွေဟာ ရဲစွမ်းသတ္တိမရှိကြသလို လူသားအားလုံးအတွက် တပ်နီတော်နဲ့ ဆိုဗီယက်ပြည်သူတွေ အသက်ပေါင်းများစွာ စွန့်လွှတ်အနစ်နာခံခဲ့တာတွေ ၊ အမှန်တရားရဲ့ အခန်းကဏ္ဍတွေကိုလည်း လေးစားသမှု မရှိပါဘူး” ဟူ၍ ကြေညာချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

“ ရုရှားသမ္မတ ဗလာတီမာပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ ဆိုဗီယက် နဲ့ အမေရိကန်စစ်သားတွေခြံရံပြီး Elbe မြစ်ကမ်းနံဘေးမှာ  ၇၅နှစ်မြောက် စစ်အောင်ပွဲနေ့အခမ်းအနားမှာ တွေ့ဆုံကြဖို့ ပါ။ အဲလိုအမူအကျင့်ကြောင့်ပဲ အကြောင်းမလှစွာနဲ့ ပယ်ဖျက်လိုက်ရတာကို ဧပြီ ၂၅ ရက်က ထုတ်ပြန်တဲ့ ကြေညာချက် တစ်စောင်မှာ ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့တယ် ” ဟု ဆက်လက် ရေးသားထားသည်။ 

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ရုရှားနိုင်ငံသည် အမေရိကန်အစိုးရအရာရှိများနှင့်  “ အလေးအနက်ဆွေးနွေးမှုတစ်ခု” ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း ဝန်ကြီးဌာန၏ ကြေညာချက်အရ သိရသည်။ရုရှားနိုင်ငံသည် COVID-19 ကူးစက်မှု တိုက်ဖျက်ရေးလုပ်ဆောင်နေသည့် အရေးကြီးကာလမှာပင် မေ ၉ ရက်၌ ဒုတိယကမ္ဘာစစ်အတွင်း နာဇီများအပေါ် ဆိုဗီယက်ပြည်ထောင်စုက စစ်အောင်နိုင်ခြင်း ၇၅ နှစ်မြောက်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)