Connect with us

Europe

စီးပွားရေး အပေါ် ရိုက်ခတ်မှု များစွာနှင့်အတူ ဂရိဘဏ်များ ပြန်ဖွင့်ပြီ

ဂရိနိုင်ငံ အေသင်မြို့တွင် သုံးပတ်ကြာ ပိတ်ထားခဲ့သော ဘဏ်များ ပြန်လည် ဖွင့်ပြီးနောက် ဇူလိုင် ၂၀ ရက်နေ့၌ ဘဏ်ရှေ့တွင် လူအများ စောင့်ဆိုင်းနေကြစဉ် (ဆင်ဟွာ)

အေသင်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

ငွေကြေး ထိန်းချုပ်မှု အချို့နှင့် အတူ ရက်သတ္တပတ် သုံးပတ်ကြာ ပိတ်ထားသော ဂရိနိုင်ငံအတွင်းရှိ ဘဏ် ခွဲပေါင်း ၂,၅၀၀ ဇူလိုင်လ ၂၀ ရက် နေ့၌ ပြန်လည် ဖွင့်လှစ်ခဲ့သော်လည်း ငွေကြေးထိန်းချုပ်မှုများ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

ငွေထုတ်ယူမှု ပမာဏ ကန့်သတ်ချက် အနေဖြင့် ဘဏ်မှာ ငွေစုထားသူများသည် နေ့စဉ် ယူရို ၆၀ (အမေရိကန် ဒေါ်လာ ၆၅) သာ ထုတ်ယူခွင့် ရှိကြောင်း၊ သို့သော် ထိုပမာဏ အား တစ်ပတ်ပြည့်သည့် အချိန်မှ တစ်ပေါင်းတည်း စုပေါင်းထုတ်ယူ နိုင်ကြောင်း သိရသည်။ ထို့ပြင် ငွေအပ်နှံခြင်း၊ ရှိပြီးသား ဘဏ်အကောင့်များ အချင်းချင်း၊ ငွေလွှဲပြောင်းခြင်းများနှင့် ဝက်ဘ်ဆိုဒ်၊ မိုဘိုင်းနှင့် ဖုန်းများ၏ ဘဏ်ဝန်ဆောင်မှုများကို ပြန်ဖွင့်ခြင်းများ ဆောင်ရွက်နိုင်မည် ဖြစ်သည်။

ငွေ အပ်နှံထားသူများထဲတွင် ပင်စင်စားများလည်း ပါဝင်ပြီး “ ကျွန်တော်ရဲ့ ကတ်က ပြန်ဖွင့်မရသေးတဲ့ အတွက် ဘဏ်မှာ ယူရိုငွေ ၆၀ လာထုတ်တာပါ ” ဟု ပင်စင်စား တစ်ဦးဖြစ်သူ Michalis Mouroutsos က ဆင်ဟွာသို့ ပြောပါသည်။

စီးပွားရေး လုပ်ငန်း လုပ်ဆောင်ရန် အတွက် ချက်လက်မှတ်နှင့် ငွေတောင်းခံလွှာများ လဲလှယ်ရန် အတွက်လည်း အခက်အခဲများ ကြုံတွေ့နေကြရသည်။ထောင်ပေါင်း များစွာသော ချက်လက်မှတ်များသည် ဘဏ်ပိတ်ရက် ကာလအတွင်း သက်တမ်းကုန်ဆုံး သွားခဲ့သည့်အတွက် အေသင် အတတ်ပညာရှင် ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ Giannis Xatzitheosiou က ဂရိအစိုးရအား ချက်လက်မှတ်များ သက်တမ်း တိုးပေးရန် မေတ္တာရပ်ခံခဲ့ပါသည်။

“ ဒါဟာ စီးပွားရေး လုပ်ငန်း ထောင်ပေါင်းများစွာ ကိုခြိမ်းခြောက်နေတဲ့ ချိန်ကိုက်ဗုံး တစ်လုံးလိုပါပဲ၊ ဒါက သူတို့ရဲ့ အမှားမဟုတ်ဘူး” ဟု ထုတ်ပြန်ချက်ထဲတွင် ပြောပါသည်။
သွင်းကုန် လုပ်ငန်းရှင်များ အနေဖြင့် ငွေလွှဲပြောင်းမှု မပြုလုပ်နိုင် သည့်အတွက် ကုန်ကြမ်းများနှင့် ထုတ်ကုန်များ ပါဝင်သော ကွန်တိန်နာ ၄,၅၀၀ ကျော်သည် အကောက်ခွန်ဋ္ဌာန၌ ပိတ်မိနေကြောင်း၊ အနည်းဆုံး ယူရို ၆ ဘီလီယံ ပမာဏ တန်ဖိုးရှိ နိုင်ကြောင်း အေသင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (ACCI) မှသိရသည်။

Panhellenic ပို့ကုန် လုပ်ငန်းရှင်များ အသင်းမှလည်း ပြီးခဲ့တဲ့ ရက်ပေါင်း နှစ်ဆယ်အတွင်းတွင် ပို့ကုန် ကဏ္ဍကို များစွာ ထိခိုက်ခဲ့ကြောင်း ထောက်ပြထားသည်။

ငွေကြေး ထိန်းချုပ်ထားမှုကြောင့် စီးပွားရေးလုပ်ငန်း၏ ၆၉ ရာခိုင်နှုန်း သည် အရောင်းအဝယ် ကျဆင်းခဲ့ပြီး ၅၈ ရာခိုင်နှုန်းမှာ နိုင်ငံတကာ ငွေကြေး လွှဲပြောင်းမှု ဆိုင်ရာ ကန့်သတ်ချက်များကြောင့် ထိခိုက်ခဲ့ရကြောင်း စီးပွားရေး သုတေသန လေ့လာမှု စစ်တမ်း တစ်ခုအရ သိရသည်။ (Xinhua)