Connect with us

Europe

ရုရှားတိုက်လေယာဉ်က ပင်လယ်နက်ပေါ် ဖြတ်ကျော်ပျံသန်းလာသည့် အမေရိကန် ကင်းထောက် လေယာဉ်အား ဟန့်တား

ရုရှားနိုင်ငံ Kubinka တွင် ကျင်းပသော လေကြောင်းပြတွင် သရုပ်ပြ ပျံသန်းနေသည့် Su-27 ရုရှားတိုက်လေယာဉ်အုပ်စုအားတွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ Su-27 တိုက်လေယာဉ်တစ်စင်းသည် အမေရိကန်ရေတပ်မှ ရေဒီယို-နည်းပညာ သုံး ကင်းထောက် လေယာဉ်တစ်စင်းအား ဩဂုတ် ၉ ရက်က ပင်လယ်နက်ပေါ် ဖြတ်ကျော် ပျံသန်းလာစဉ် ကြားဖြတ်ဟန့်တားလိုက်ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

“ ဩဂုတ် ၉ ရက်က ရုရှားဝေဟင်ထိန်းချုပ်ရေးစနစ်ဟာ ပင်လယ်နက်ရဲ့ ကြားခံရေပိုင်နက်ပေါ် ဖြတ်ကျော်ပျံသန်းပြီး ရုရှားနိုင်ငံနယ်နိမိတ်ထဲ ချဉ်းကပ်လာတဲ့ ပစ်မှတ်လေယာဉ်တစ်စင်းကို ကြားဖြတ်ဟန့်တားခဲ့ပါတယ်” ဟု ရုရှားနိုင်ငံ Zvezda အသံလွှင့်ဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

ရုရှား Su-27 တိုက်လေယာဉ်မှူးက ချဉ်းကပ်ဝင်ရောက်လာသော လေယာဉ်မှာ အမေရိကန်ရေတပ်မှ EP-3E ဝေဟင် ရေဒီယို ထောက်လှမ်းရေးစနစ်သုံး ကင်းထောက်လေယာဉ်တစ်စင်းဖြစ်သည်ကို အတည်ပြုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

“ အမေရိကန်ကင်းထောက်လေယာဉ်ဟာ ရုရှားပိုင်နက်မှ ဝေးရာသို့ ဦးတည်ထွက်ခွာသွားပြီးတဲ့နောက်မှာတော့ ရုရှားတိုက်လေယာဉ်ဟာ လေယာဉ်ကွင်းကို ဘေးကင်းစွာ ပြန်လည်ဆင်းသက်ခဲ့ပါတယ်” ဟု Zvezda အသံလွှင့်ဌာနက ပြောကြားခဲ့ပြီး ရုရှားနိုင်ငံပိုင်နက်နယ်မြေအတွင်း မည်သည့် ကျူးကျော်ဝင်ရောက်မှုကို မဆို ခွင့်ပြုလိမ့်မည်မဟုတ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ရုရှားလေယာဉ်သည် နိုင်ငံတကာလေပိုင်နက်စည်းမျဉ်းများနှင့်အညီ ဟန့်တားမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။(Xinhua)