Connect with us

Europe

သြစတြေးလျ၏ ပထမဆုံး အမျိုးသမီး တရားရုံးချုပ် တရားသူကြီးချုပ် ကျမ်းကျိန်

သြစတြေးလျနိုင်ငံ တရားရုံးချုပ် တရားသူကြီးချုပ် Susan Kiefel အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကန်ဘာရာ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ၏ ပထမဆုံး အမျိုးသမီး တရားရုံးချုပ် တရားသူကြီးချုပ်၏ ရာထူး အပ်နှင်းခြင်း အခမ်းအနား ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ဇန်နဝါရီလ ၃၀ ရက်က မြို့တော် ကန်ဘာရာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရာထူးမှ အနားယူသွားပြီ ဖြစ်သည့် တရားရုံးချုပ် တရားသူကြီးချုပ် ရောဘတ် ဖရန့်ချ်၏ နေရာတွင် အစားထိုး တာဝန်ယူမည့် Susan Kiefel သည် တရားရုံးချုပ်၏ ၁၁၃ နှစ်ကြာ သမိုင်းတစ်လျှောက်တွင် ပထမဆုံး အမျိုးသမီး တရားသူကြီးချုပ် ဖြစ်လာမည် ဖြစ်သည်။

Kiefel က ၎င်းအနေဖြင့် ယခုလို ရာထူး အပ်နှံခံရခြင်းမှာ ဥပဒေအရ အမျိုးသမီးများအတွက် အရေးပါသော အပြောင်းအလဲ အခိုက်အတန့် တစ်ရပ် ဖြစ်ကြောင်း ရာထူးအပ်နှင်းခြင်း အခမ်းအနား မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။

လိုအပ်သော ဥပဒေရေးရာ စွမ်းရည်များ၊ အတွေ့အကြုံများနှင့် တစ်ကိုယ်ရေ အရည်အသွေးများ ရှိသော အမျိုးသမီးများက တရားမျှတမှုအတွက် လုပ်ဆောင်နိုင်ကြောင်းကို တရားရုံးက အသိအမှတ်ပြုလိုက်ခြင်းလည်း ဖြစ်ကြောင်း Kiefel က ပြောသည်။

Kiefel သည် သြစတြေးလျနိုင်ငံ ရှေ့နေချုပ် ဂျော့ရှ် ဘရန်ဒီးစ်ထံ၌ ကျမ်းကျိန်ခဲ့ခြင်း ဖြစ်သည်။

Kiefel သည် အသက် ၁၅ နှစ်အရွယ်တွင် အထက်တန်းကျောင်းမှ နုတ်ထွက်ခဲ့ရပြီး ဥပဒေပညာကို အချိန်ပိုင်း လေ့လာသင်ယူခဲ့ကာ ကွင်းစ်လန်း ရှေ့နေအသင်းသို့ ၁၉၇၅ ခုနှစ်တွင် ဝင်ရောက်ခွင့်ရရှိခဲ့သည်။ ၎င်းသည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် တရားသူကြီးချုပ်အဖြစ် ခန့်အပ်ခြင်းမခံရမီ အချိန်ထိ ၂၀၀၇ ခုနှစ်မှစတင်ကာ တရားရုံးချုပ် တရားသူကြီး တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.