Connect with us

Europe

အမေရိကန်၊ ဗြိတိန် တို့ နှင့် ပူးပေါင်း၍ ဆီးရီးယားရှိပစ်မှတ်များအား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေကြောင်း ပြင်သစ်သမ္မတ ပြောကြား

အမေရိကန်မှ ဧပြီ ၁၄ရက်တွင် ပစ်လွှတ်လိုက်သည့် ဒုံးကျည်များအား ပစ်ချရန် ဆီးရီးယားမှ ဒုံးကျည်များ ပြန်လည်ပစ်လွှတ်စဉ် (ဆင်ဟွာ)

ပါရီ၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ သမ္မတ အီမာနျူရယ် မက်ခရွန်း က ပြင်သစ်တပ်ဖွဲ့သည် ဆီးရီးယားနိုင်ငံ ရှိ လျှို့ဝှက်ဓာတုလက်နက်တိုက် ကို ပစ်မှတ်ထားသော စစ်ဆင်ရေးအတွင်း အမေရိကန်နိုင်ငံ၊ ဗြိတိန်နိုင်ငံတို့ နှင့် ဧပြီ ၁၃ရက် ညပိုင်းတွင် ချိတ်ဆက်ပူးပေါင်းခဲ့ကြောင်း ဧပြီ ၁၄ရက် အစောပိုင်းတွင် ထုတ်ပြန်သော တရားဝင်ထုတ်ပြန်ချက်တစ်ခု၌ ပြောကြားခဲ့သည်။

မက်ခရွန်းက နိုင်ငံတကာစစ်ဆင်ရေးတစ်ခု ၏ အစိတ်အပိုင်းအဖြစ် အမေရိကန်နိုင်ငံ၊ ဗြိတိန်နိုင်ငံ တို့ နှင့် မဟာမိတ်ဖွဲ့ကာ ဆီးရီးယားအရေး၌ ဧပြီ ၁၃ရက်ညတွင် ကြားဝင်တိုက်ခိုက်ရန် ပြင်သစ်လက်နက်ကိုင်တပ်ဖွဲ့ အား အမိန့်ပေးခဲ့ပြီး ဆီးရီးယားနိုင်ငံအတွင်းရှိ လျှို့ဝှက်ဓာတုလက်နက်တိုက် ကို ဖျက်ဆီးပစ်ရန် တိုက်ရိုက်ညွှန်ကြားခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက ယင်းတုံ့ပြန်မှုများသည် ဆီးရီးယားနိုင်ငံအတွင်း ဓာတုလက်နက်များ ထုတ်လုပ်၊ အသုံးပြုနိုင်မှုများကို ကန့်သတ်ထိန်းချုပ်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် ၂၀၁၇ခုနှစ်တွင်လည်း ဆီးရီးယားအစိုးရ ၏ ပြည်သူများအပေါ် ဓာတုလက်နက်အသုံးပြုမှုကို အပြစ်ပေးသည့်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ရန် အမိန့်ပေးခဲ့ပြီး ယင်းစစ်ဆင်ရေးအတွင်း ဆီးရီးယားလေတပ်၏ ၂၀ရာခိုင်နှုန်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ထရမ့်ကပြောကြားခဲ့သည်။

ဆီးရီးယား သူပုန်များ နှင့် တက်ကြွလှုပ်ရှားသူများက ဆီးရီးယားတပ်ဖွဲ့ဝင်များသည် ဧပြီ၇ ရက်တွင် ဒမတ်စကပ်စ်မြို့ အနီး သူပုန်များထိန်းချုပ်ထားသည့် Douma မြို့အား ကလိုရင်းဓါတ်ငွေ့အသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဆီးရီးယားအစိုးရ က ယင်းစွပ်စွဲချက်အား ငြင်းဆိုခဲ့ကာ ယင်းစွပ်စွဲချက်များသည် အနောက်နိုင်ငံများက ဆီးရီးယားအပေါ်တိုက်ခိုက်မှုအား မှန်ကန်ကြောင်း သက်သေပြနိုင်ရန် အသုံးချသည့် သတင်းအမှားများဖြစ်ကြောင်း ပြန်လည်ချေပခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.