Connect with us

Europe

အာမေးနီးယား နှင့် အဇာဘိုင်ဂျန် ငြိမ်းချမ်းရေး အတွက် နှစ်နိုင်ငံ သမ္မတများ လာမည့် အပတ်တွင် ဗီယင်နာမြို့၌ တွေ့ဆုံမည်

အာမေးနီးယားနှင့် အဇာဘိုင်ဂျန် နှစ်နိုင်ငံ တိုက်ပွဲကာလတွင် တွေ့မြင်ရသော တင့်ကားများ အားတွေ့ရစဉ် (ဆင်ဟွာ)

မော်စကို ၊ မေ ၁၃ ရက် (ဆင်ဟွာ)

အာမေးနီးယား သမ္မတ Serzh Sargsyan နှင့် အဇာဘိုင်ဂျန် သမ္မတ Ilham Aliyev တို့သည် နာဂေါ်နို – ကာရာဘက်ခ် ပဋိပက္ခ အဆုံးသတ်ရေး အတွက် လာမည့် အပတ်တွင် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ တွေ့ဆုံရန် ရှိကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက မေလ ၁၂ ရက်တွင် ထုတ်ဖော် ပြောကြားလိုက်သည်။

ဆွေးနွေးပွဲ ဆိုင်ရာ အပြီးသတ် ညှိနှိုင်းမှုများ မပြုလုပ်ရသေးသော်လည်း ရုရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov သည် ၎င်း၏ ဆွေးနွေးဖက် ပြင်သစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Jean-Marc Ayrault နှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး John Kerry တို့နှစ်ဦးဖြင့် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်သွားရန် ရှိကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Maria Zakharova က အပတ်စဉ် ပြုလုပ်သော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
“ အဓိက ရည်ရွယ်ချက်က အပစ်အခတ် ရပ်စဲရေး လုပ်ဖို့နဲ့ တိုက်ပွဲတွေ လျော့သွားအောင်လုပ်ဖို့ပါပဲ။ ပြီးပြည့်စုံတဲ့ အခြေချမှု ဖြစ်အောင် ဆွေးနွေးမှုတွေ လုပ်နိုင်ဖို့ လိုအပ်တဲ့ အခြေအနေတွေကို ဖန်တီးသွားရမယ်” ဟု Zakharova က ဖြည့်စွက် ပြောကြားသည်။
နာဂေါ်နို – ကာရာဘက်ခ် ( Nagorno-Karabakh ) တောင်တန်းဒေသ ပိုင်ဆိုင်ရေး အငြင်းပွားမှုကြောင့် အာမေးနီးယား နှင့် အဇာဘိုင်ဂျန် နိုင်ငံတို့ကြား စစ်ပွဲများ ဖြစ်ပွားခဲ့သည်။ ၎င်းဒေသတွင် နေထိုင်ကြသည့် အာမေနီးယမ် မျိုးနွယ်စု လူနည်းစုများသည် အဇာဘိုင်ဂျန်နိုင်ငံမှ လွတ်လပ်ရေး တောင်းဆိုပြီး အာမေးနီးယား နိုင်ငံနှင့် ပူးပေါင်းကြောင်း ထုတ်ဖော် ကြေညာခဲ့သည့် ၁၉၈၈ ခုနှစ်မှ စတင်ကာ နှစ်နိုင်ငံကြား တိုက်ပွဲများ ဖြစ်ပွားလာခဲ့ရခြင်း ဖြစ်သည်။
နှစ်ဖက် အပစ်အခတ ်ရပ်စဲရေး သဘောတူညီမှု စာချုပ် ချုပ်ဆိုနိုင်ခဲ့သည့် ၁၉၉၄ ခုနှစ်မှ စတင်ကာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များပြုလုပ်နိုင်ခဲ့သော်လည်း နှစ်ဖက်အုပ်စု အကြား တိုက်ပွဲငယ်များ မကြာခဏ ဖြစ်ပွားခဲ့သည်။
၂ဝ၁၆ ခုနှစ် ဧပြီလ အစောပိုင်းတွင် နာဂေါ်နို – ကာရာဘက်ခ် နယ်နိမိတ်မျဉ်း တစ်လျှောက်တွင် အဇာဘိုင်ဂျန် တပ်ဖွဲ့ဝင်များ နှင့် အာမေးနီးယံ တပ်ဖွဲ့ဝင်များကြား တိုက်ပွဲအသစ်များ ဖြစ်ပွားခဲ့ရာ နှစ်ဖက် အသေအပျောက်များလည်း ရှိခဲ့သည်။
အဆိုပါ ပဋိပက္ခကို ဖြေရှင်းနိုင်ရန် အတွက် ရုရှား ၊ ပြင်သစ် နှင့် အမေရိကန် နိုင်ငံများသည် အတူတကွ လက်တွဲ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.