Connect with us

Latin America

ဗင်နီဇွဲလားနိုင်ငံ၏ အဓိက ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ အဖျက်အမှောင့်လုပ်ငန်းနှင့် ထပ်မံကြုံတွေ့

လျှပ်စစ်မီးမရှိဘဲ ညမှောင်မှောင်ထဲတွင် လမ်းလျှောက်နေသော ဗင်နီဇွဲလားနိုင်ငံသားများအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ကာရာကာ့စ် ၊ မတ် ၂၆ ရက်(ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Jorge Rodriguez က နိုင်ငံ၏အဓိက ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ Guri သည် နောက်ထပ်တစ်ဖန် အဖျက်အမှောင့်လုပ်ငန်းနှင့် ထပ်မံကြုံတွေ့ခဲ့ရကြောင်း ၊ နိုင်ငံအတွင်းရှိ ဒေသများစွာတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း ၊ သို့သော် အာဏာပိုင်များအနေဖြင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံးပြန်လည်ရရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း မတ် ၂၅ ရက်တွင် ပြောကြားခဲ့သည်။

“ တစ်နိုင်ငံလုံးကို အသိပေးချင်တာ ကျွန်တော်တို့အရင်ကရှုတ်ချ ကြေညာမှုပြုခဲ့သလိုပါပဲ အမျိုးသားလျှပ်စစ်ဓာတ်အားပေးစနစ်မှာ ထုတ်လုပ်ရေး နဲ့လျှပ်စစ်ဓာတ်အားဖြန့်ဝေရေးဗဟိုဌာနဟာ အဖျက်အမှောင့်လုပ်ငန်းသစ် နဲ့ ထပ်မံကြုံတွေ့ခဲ့ရပါတယ်” ဟု Rodriguez က ဆိုသည်။

သို့သော်လည်း ဓါတ်အားပြတ်တောက်ခဲ့သော နယ်မြေဒေသများတွင် “ သတ်မှတ်ကာလအတွင်း” လျှပ်စစ်မီးပြန်လည်ရရှိအောင် နိုင်ငံပိုင်လျှပ်စစ်ကုမ္ပဏီက ဆောင်ရွက်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

ဗင်နီဇွဲလားနိုင်ငံသည် ယခုလအစောပိုင်းတွင် အဆိုးရွားဆုံးလျှပ်စစ်မီးပြတ်တောက်မှုဖြင့် ကြုံတွေ့ခဲ့ရပြီး ထိုသို့ဓာတ်အားပြတ်တောက်မှုကြောင့် နိုင်ငံတစ်ဝန်းလုံးနီးပါးတွင် ၅ ရက်ကြာ အမှောင်ဖုံးလွှမ်းခဲ့ရကြောင်း သိရသည်။

ထိုသို့လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်စေခြင်းဖြင့် လက်ရှိအစိုးရ အားအင်ချိနဲ့စေရန် လက်ယာယိမ်း အစွန်းရောက်များက အဖျက်အမှောင့်လုပ်ငန်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြစ်တင်ပြောကြားထားသည်။

“ ၅ ရက် ၆ ရက်လောက် ကျွန်တော်တို့အချိန်ယူပြုပြင်ခဲ့ရတယ်။ ဒီနေ့မှာတော့ နာရီအနည်းငယ်အတွင်းမှာ ကျွန်တော်တို့ဖြေရှင်းနိုင်ခဲ့တယ်” ဟု Rodriguez ကဆိုသည်။(Xinhua)