Connect with us

Latin America

နေမာ ၊ ဝီလီယံ နှင့် မီရန်ဒါ တို့ သုံးဦးအား ဘရာဇီး အိုလံပစ် အသင်းအတွက် ခေါ်ယူမည်

ဘရာဇီးရှေ့တန်း တိုက်စစ်မှူး နေမာ အား တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေရို ၊ မေ ၁၆ ရက် (ဆင်ဟွာ)

၂ဝ၁၆ ခုနှစ် သြဂုတ်လတွင် ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ကမ္ဘာ့ အိုလံပစ် ဘောလုံး ပြိုင်ပွဲဝင် ဘရာဇီးအသင်း အတွက် နည်းပြ ဒွန်ဂါသည် အတွေ့အကြုံရှိ ကစားသမားများ အဖြစ် ဘာဆီလိုနာ ရှေ့တန်း တိုက်စစ်မှူး နေမာ ၊ ချယ်လ်ဆီး ကွင်းလယ် ကစားသမား ဝီလီယံနှင့် အင်တာမီလန် နောက်ခံအလယ်လူ မီရန်ဒါ တို့သုံးဦးအား ခေါ်ယူသွားမည် ဖြစ်ကြောင်း မေလ ၁၅ ရက်တွင် သတင်း ထုတ်ပြန်သည်။

နေမာ နှင့် ဝီလီယံတို့နှစ်ဦး အနေဖြင့် အိုလံပစ် ပြိုင်ပွဲတွင် ဝင်ရောက် ကစားခွင့်အတွက် သက်ဆိုင်ရာ ကလပ်အသင်းများက တားမြစ်ထားသော်လည်း ၎င်းတို့ နှစ်ဦးသည် ကလပ်အသင်း ဆန္ဒကို ဆန့်ကျင်၍ ပြိုင်ပွဲတွင် မဖြစ်မနေ ပါဝင်သွားကြမည်ဟု ဆာအိုပေါ်လို သတင်းစာက ရေးသားထားသည်။ သို့သော် အင်တာမီလန် ကစားသမား မီရန်ဒါ ၏ ဘရာဇီး အသင်းအတွက် ဝင်ရောက် ကစားမည်ဆိုခြင်းနှင့် ပတ်သက်၍ အသင်းမန်နေဂျာ ရောဘက်တို မန်စီနီထံမှ ခွင့်ပြုချက် ပေးထားခြင်း မရှိသေးကြောင်း သိရသည်။ အကယ်၍ မီရန်ဒါ ၏ ပါဝင်ခွင့်ကို မန်နေဂျာ မန်စီနီက အတင်းအကြပ် ပိတ်ပင်တားဆီးမှု ပြုလုပ်မည်ဆိုပါက ဘရာဇီးနည်းပြ ဒွန်ဂါ အနေဖြင့် နောက်ခံလူ အတွက် အတွေ့အကြုံရှိ ဘိုင်ယန် မြူးနစ်အသင်း တောင်ပံကစားသမား ဒေါက်ကလက်စ်ကော့စတာ အား ခေါ်ယူ အသုံးပြုသွားမည်ဟု သတင်းတွင် ဖော်ပြထားသည်။
အိုလံပစ် ပြိုင်ပွဲ စည်းမျဉ်းအရ ပြိုင်ပွဲဝင် အသင်းတစ်သင်းတွင် အသက် ၂၃ နှစ် အထက် ကစားသမား သုံးဦးသာ ပါဝင်ခွင့် ပြုထားသည်။
အမေရိကန် နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် ကိုပါ အမေရိကဖလား ဘောလုံးပြိုင်ပွဲ အပြီး ရက်သတ္တပတ် ၅ ပတ်အကြာ သြဂုတ် ၄ ရက်တွင် အိုလံပစ် ပြိုင်ပွဲ ဘောလုံး ပွဲစဉ်များ စတင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ဘရာဇီး ဘောလုံးအသင်းသည် အသက် ၂၄ နှစ် အရွယ်ရှိ ရှေ့တန်း တိုက်စစ်မှူးနေမာ အား ၎င်း၏ မိခင်ကလပ် ဘာဆီလိုနာ အသင်း၏ ကန့်ကွက်နေမှုကြား ကပင် ခေါ်ယူ အသုံးပြုသွားမည် ဖြစ်သည်။
ဘရာဇီးဘောလုံး အသင်းအနေဖြင့် အိုလံပစ် ရွှေတံဆိပ်ဆုကို တစ်ကြိမ် တစ်ခါမျှ ရရှိဘူးခြင်း မရှိသဖြင့် ၎င်းတို့ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂ဝ၁၆ ခုနှစ် အိုလံပစ် ပြိုင်ပွဲတွင် ဘောလုံးအသင်း ရွှေတံဆိပ်ဆု ရရှိရေးသည် အသင်းနည်းပြ ဒွန်ဂါ အတွက် ဦးစားပေး အလုပ် ဖြစ်နေသည်။
Rio 2016 အိုလံပစ် ပြိုင်ပွဲတွင် ဘရာဇီးအသင်းသည် အုပ်စု (က) တွင် တောင်အာဖရိက ၊ အီရတ်နှင့် ဒိန်းမတ် အသင်းတို့ဖြင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.