Connect with us

Latin America

ပီရူး အနောက်မြောက်ပိုင်းတွင် ယာဉ် သုံးစင်းဆင့်တိုက်၊ ၁၅ ဦး သေဆုံး

မီးလောင်ကျွမ်းနေသည့် မီနီဘတ် တစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ)

လီမာ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

ပီရူးနိုင်ငံ အနောက်မြောက်ပိုင်း La Libertad ဒေသတွင် ဖေဖော်ဝါရီလ ၂၃ ရက်က ယာဉ် သုံးစင်း ဆင့်တိုက်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ မီဒီယာက သတင်းတင်ပြထားသည်။

သေဆုံးသွားသူ အများစုမှာ ခရီးသည်တင် မီနီဘတ်စ်ကား တစ်စီးပေါ်မှ ဖြစ်ပြီး ကားမီးလောင်ကျွမ်းခဲ့သလို ၎င်းတို့ကိုယ်တိုင်လည်း မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုသည် ခရီးသည်တင် မီနီဘတ်စ်ကား တစ်စီး၊ စာသင်ကျောင်းများသို့ အစားအစာများသွားပို့သည့် နောက်တွဲယာဉ်ပါ ကုန်တင်ကား တစ်စီးနှင့် မော်တော်ဆိုင်ကယ် တစ်စီးတို့ သုံးစီးဆင့်တိုက်မိခြင်း ဖြစ်ကြောင်း ပီရူး အဝေးပြေး ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသူများ၏ ရုပ်အလောင်းများလည်း အဝေးပြေးလမ်းမပေါ်တွင် ပြန့်ကျဲနေခဲ့ကြောင်း၊ မီနီဘတ်စ် အတွင်းတွင် မီးလောင်ကျွမ်းနေသည့် ရုပ်အလောင်းများနှင့် အဝေးပြေးလမ်းပေါ်တွင် သေဆုံးနေသည့် ရုပ်အလောင်းများလည်း ရှိခဲ့ကြောင်း ဒေသဆိုင်ရာ ရဲချုပ် Lorenzo Granados က Radio Programs del Peru (RPP) သတင်းကွန်ရက်သို့ ပြောခဲ့သည်။

ဒဏ်ရာရရှိသူများအား နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)