Connect with us

Latin America

ဘိုဂိုတာမြို့မှ ကားဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ အရေအတွက် ၂၁ ဦးအထိရှိလာ

ဘိုဂိုတာမြို့ ရဲအတတ်သင်တန်းကျောင်းအနီး ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

ဘိုဂိုတာ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့တွင် ဇန်နဝါရီလ ၁၇ ရက် နံနက်ပိုင်းက ရဲအတတ်သင်တန်းကျောင်း အပြင်ဘက်တွင် ကားဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၂၁ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ကိုလံဘီယာ ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၁၇ ရက်နှောင်းပိုင်းက ပြောကြားလိုက်သည်။

ဘိုဂိုတာမြို့ တောင်ဘက်ရှိ General Santander ရဲအတတ်သင်တန်းကျောင်းတွင် ဖြစ်ပွားသည့် ပေါက်ကွဲမှု၌ လူ ၆၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းအနက် ၅၈ ဦးမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း ကိုလံဘီယာ ရဲတပ်ဖွဲ့မှ ထုတ်ပြန်ချက်အား ကိုးကား၍ Agence France-Presse သတင်းဌာနက ဖော်ပြထားသည်။

ပြစ်မှုကျူးလွန်သူမှာ ဂျို့စ် အယ်လ်ဒီမာ ရိုဂျက်စ် (Jose Aldemar Rojas) ဖြစ်ကြောင်း တာဝန်ရှိသူများက လျင်မြန်စွာ ဖော်ထုတ်နိုင်ခဲ့ပြီး ပေါက်ကွဲစေသောပစ္စည်း ၈၀ ကီလိုဂရမ် တင်ဆောင်ထားသော ၎င်း၏ မီးခိုရောင် နစ်ဆန်း Patrol ကားအား ရဲအတတ်သင်တန်းကျောင်းသို့ မောင်းနှင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုတွင် ရိုဂျက်စ် သေဆုံးခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။“အဆိုပါ ဖြစ်ရပ်နဲ့ပတ်သက်ပြီး ကိုလံဘီယာနိုင်ငံအနေဖြင့် ဝမ်းနည်းရပါကြောင်း၊ သို့သော် အကြမ်းဖက်မှုကိုမူ အညံ့ခံမည်မဟုတ်ကြောင်း” ဟု Quibdo မြို့တွင် ပြုလုပ်မည့် လုံခြုံရေးကောင်စီ အစည်းအဝေးတက်ရောက်ရန် စီစဉ်ထားမှုကို ပယ်ဖျက်ကာ ဘိုဂိုတာမြို့သို့ လှည့်ပြန်ခဲ့သော ကိုလံဘီယာနိုင်ငံ သမ္မတ အီဗန် ဒုကီ (Ivan Duque) က ပြောကြားခဲ့သည်။အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ စီစဉ်ခဲ့သူအား တာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေကြောင်း အစိုးရရှေ့နေချုပ် နက်စ်တာ ဟမ်ဘာတို မာတင်နက်ဇ် (Nestor Humberto Martinez) က ပြောကြားခဲ့သည်။ (Xinhua)