Connect with us

Latin America

ချီလီနိုင်ငံ မြောက်ပိုင်းတွင် ပြင်းအား ၆.၇ အဆင့် ငလျင် လှုပ်ခတ်

ချီလီနိုင်ငံ၌ ယခင်က ဖြစ်ပွားခဲ့သော ငလျင်လှုပ်ခတ်မှုတစ်ခုတွင် လမ်းမပေါ်သို့ ထွက်ပြေးလာသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ဆန်ဒီယာဂို၊ ဇန်နဝါရီ ၂၀ ရက်(ဆင်ဟွာ)

ချီလီနိုင်ငံမြောက်ပိုင်း Coquimbo ဒေသတွင် ဇန်နဝါရီ ၁၉ ရက်က ပြင်းအား ၆.၇ အဆင့် ငလျင်လှုပ်ခတ်ခဲ့ရာ မြို့တော် ဆန်ဒီယာဂိုတွင်လည်း ပြင်းထန်သည့် လှုပ်ခတ်မှုကို ခံစားမိကြောင်း သိရသည်။ လက်ရှိတွင် သေဆုံးဒဏ်ရာရမှုနှင့်ပျက်စီးဆုံးရှုံးမှုစာရင်းမထွက်ရှိသေးကြောင်း သိရသည်။

အဆိုပါ ငလျင်မှာ ဇန်နဝါရီ ၁၉ ရက် ဒေသစံတော်ချိန် ၂၂ နာရီ ၃၂ မိနစ်တွင် Coquimboဒေသ Elqui ပြည်နယ် Coquimboမြို့ အနောက်တောင်ဘက် ၁၅ ကီလိုမီတာအကွာ၌ မြေပြင်အောက် အနက် ၅၃ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန၏ သတင်းများအရသိရသည်။

လက်ရှိအချိန်ထိ ငလျင်ကြောင့်ဆူနာမီသတိပေးချက်ထုတ်ပြန်ထားခြင်းမရှိသေးကြောင်းသိရသည်။

ချီလီနိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာ ငလျင်ကြောတွင် တည်ရှိပြီး ငလျင်မကြာခဏဖြစ်ပွားလေ့ရှိရာ ငလျင်ကယ်ဆယ်ရေးအတွေ့အကြုံအမြောက်အမြားရှိသလို အဆောက်အဦများမှာလည်း ငလျင်ဒဏ်ခံနိုင်စွမ်းရှိကြောင်း သိရသည်။ ယခု ၁၀နှစ်အတွင်း ချီလီတွင် ပြင်းအား အဆင့် ၈ ကျော် သည့် ငလျင် သုံး ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၆ရက်တွင် ဖြစ်ပွားသည့် ပြင်းအား ၈.၃ အဆင့်ငလျင်တွင် လူ ၁၅ ဦးသေဆုံးပြီး လူပေါင်း ၁၆၀၀၀ ငလျင်ဒဏ် သင့်ခဲ့ကြောင်း ၊ အဆောက်အဦ ၁ ထောင်နီးပါး ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ချီလီနိုင်ငံသည် လူ့သမိုင်းမှတ်တမ်းများတွင် အပြင်းထန်ဆုံးငလျင်ဖြစ်သည့် ပြင်းအား ၉.၅ အဆင့်ရှိသောငလျင်ဒဏ်ကို ၁၉၆၀ခုနှစ် မေလက ကြုံတွေ့ခဲ့ရကြောင်းသိရသည်။ မှတ်တမ်းတင်ထား သည့် ကမ္ဘာ့အပြင်းထန်ဆုံးငလျင် ၆ ခုတွင် ၂ ခုမှာ ချီလီနိုင်ငံတွင် ဖြစ်ပွားခဲ့ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာနစာရင်းများအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.