Connect with us

Latin America

ဘောလုံးဘုရင် ပီလီ၏ သား ဆန်းတိုစ့်လူငယ်အသင်း နည်းပြဖြစ်လာ

ဘောလုံးဘုရင် ပီလီ နှင့် သားဖြစ်သူ Edinho အား အတူတကွတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရီယိုဒီဂျနေရို ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ)

မကြာသေးခင်က ထောင်မှ လွတ်မြောက်လာသော ဘရာဇီးဂန္တဝင် ဘောလုံးသမား ပီလီ၏ သားဖြစ်သူ  အက်ဒင်ဟိုအား ဘရာဇီးစီးရီးအေ(A) ဘောလုံး အသင်း တစ်သင်းဖြစ်သည့် ဆန်းတိုစ့်(Santos) ကလပ်က ၎င်းတို့၏ လူငယ်အသင်းနည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။

အက်ဒင်ဟို(Edinho) ဟုလူသိများသည့် Edson Cholbi Nasicimento သည် ဆန်းတိုစ့်အသင်း၏ လူငယ်အသင်းနည်းပြအဖြစ်တာဝန်ယူသွားရမည်ဖြစ်ကြောင်း နှင့် ၎င်းသည် လက်ရှိဆန်းတိုစ့်အသင်း နည်းပြချုပ်အဖြစ်တာဝန်ထမ်းဆောင်နေသည့် ယခင်ဘရာဇီးလက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်း ရီနာတို(Renato) အား တိုက်ရိုက်အစီရင်ခံ တင်ပြသွားရမည်ဖြစ်ကြောင်း သိရသည်။

“ စိန်ခေါ်မှုအသစ်မှာ သူ့အတွက်ကံကောင်းဖို့ ကျွန်တော်တို့ဆုတောင်းပေးပါတယ်” ဟုဆန်းတိုစ့်အသင်း၏ တရားဝင်အင်တာနက်စာမျက်နှာတွင် ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်၌ ရေးသားထားသည်။အက်ဒင်ဟိုသည် ထောင်အတွင်းကောင်းမွန်စွာ ပြုမူနေထိုင်ခဲ့သဖြင့်  ကျန်ရှိသော ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ကို နေအိမ်၌ ဆက်လက်ကျခံစေရန် ပြီးခဲ့သော စက်တင်ဘာလတွင် သက်သာခွင့်ရရှိခဲ့သူ ဖြစ်သည်။

၎င်းသည် ၂၀၁၄ ခုနှစ်က မူးယစ်ဆေးတရားမဝင်ရောင်းချရာမှ ရရှိသော ငွေမဲများကို ငွေဖြူဖြစ်အောင် ပြုလုပ်သော ငွေကြေးခဝါချမှုဖြင့် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရသူ ဖြစ်သည်။အသက် ၄၉ နှစ်အရွယ် အက်ဒင်ဟိုသည် ၎င်းအပေါ်ချမှတ်ခဲ့သော  ပြစ်ဒဏ်များကို အယူခံဝင်ခဲ့ပြီးနောက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီတွင် ထောင်ဒဏ် ၁၂ နှစ် ၁၁ လကျခံရရန် သက်ညှာခွင့်ရ ရှိခဲ့သည်။

၎င်းသည် ၁၉၉၀ ပြည့်လွန်နှစ်များက နည်းပြတစ်ဉီးအဖြစ် ပြောင်းလဲ လုပ်ကိုင်ခြင်းမပြုမီ ဆန်းတိုစ့်ပထမလက်ရွေးစင် အသင်းကြီး၏ ဂိုးသမားအဖြစ် ၉ ပွဲ ပွဲထွက် ကစားခွင့်ရရှိခဲ့ဖူးသည်။အက်ဒင်ဟို၏ ဖခင်ဖြစ်သူ ပီလီသည် ကမာ္ဘ့ဖလားချန်ပီယံဆု ၃ ကြိမ် နှင့် ကစားသမားဘဝတစ်လျှောက် ဂိုးပေါင်း ၁,၀၀၀ ကျော် သွင်းယူပေးခဲ့သော သမိုင်းတစ်လျှောက်အကောင်းဆုံးဘောလုံးသမား(ဘောလုံးဘုရင်)အဖြစ် သတ်မှတ်ခြင်းခံထားရသူဖြစ်သည်။(Xinhua)