Connect with us

Latin America

ရေနံဈေး တည်ငြိမ်ရေး အတွက် လက်တင်အမေရိက နိုင်ငံများပြော

လက်တင်အမေရိက ရေနံတူးဖော် ထုတ်လုပ်သည့် နိုင်ငံများအဖွဲ့၏ အစည်းအဝေးပွဲကို အီကွေဒေါ နိုင်ငံ ကွီတိုမြို့၌ ကျင်းပနေစဉ် ( ဓာတ်ပုံ - အင်တာနက် )

ကွီတို၊ ဧပြီ ၉ ရက် ( ဆင်ဟွာ )

ကမ္ဘာ တစ်ဝန်းရှိ ရေနံတင်ပို့ရောင်းချနေကြသည့် မိတ်ဖက် နိုင်ငံများအား ရေနံဈေး တည်ငြိမ်ရေး အတွက် ဝိုင်းဝန်း ထိန်းသိမ်းကြရန် လက်တင် အမေရိက ရေနံတူးဖော် ထုတ်လုပ်သည့် နိုင်ငံများက တိုက်တွန်း ပြောကြားလိုက်သည်။

အီကွေဒေါ နိုင်ငံမြို့တော် ကွီတိုမြို့တွင် ဖွင့်လှစ်ထားသော တောင်အမေရိက နိုင်ငံများ သမဂ္ဂတွင် ၂ဝ၁၆ ခုနှစ် ဧပြီလ ၉ ရက်က ရေနံဈေး ကျဆင်းနေမှုနှင့် ပတ်သက်သည့် အစည်းအဝေးပွဲ တစ်ခု ကျင်းပခဲ့သည်။ ၎င်းအစည်းအဝေးပွဲသို့လက်တင် အမေရိက ရေနံတူးဖော် ထုတ်လုပ်သည့် နိုင်ငံများ ဖြစ်သည့် အီကွေဒေါ၊ ကိုလံဘီယာ ၊ ဘိုလီးဗီးယား ၊ ဗင်နီဇွဲလား နှင့် မက္ကဆီကို စသည့် နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ရေနံဈေးကွက် တည်ငြိမ်ရေး အတွက် ဝိုင်းဝန်းကြိုပမ်းကြရန် နှင့် ရေနံဈေးနှုန်း ကျဆင်းနေသည်ကို ဆွဲတင်ခြင်းဖြင့် ရေနံ ထုတ်လုပ်ရောင်းချသည့် နိုင်ငံများရော ၊ ဝယ်သူ သုံးစွဲသည့် နိုင်ငံများပါ နှစ်ဦးနှစ်ဖက်စလုံး အကျိုးရှိနိုင်မည့် အကြောင်း ဆွေးနွေးခဲ့ကြသည်။

လက်တလော ရေနံဈေးကွက် ကျဆင်းနေသည့် ကိစ္စကိုလည်း သုံးသပ်ခဲ့ကြပြီး ၊ ၂ဝ၁၆ ခုနှစ် ဧပြီလ ၁၇ ရက်တွင် ဒိုဟာနိုင်ငံ ကာတာမြို့၌ ကျင်းပမည့် ရေနံတင်ပို့ရောင်းချသည့် နိုင်ငံအဖွဲ့ ( OPEC ) ၏ အစည်းအဝေးပွဲတွင်လည်း ယင်းကိစ္စကို ဦးစားပေး ဆွေးနွေးကြရန် လက်တင် အမေရိက နိုင်ငံများက တိုက်တွန်းခဲ့ကြသည်။

ထို့ပြင် ဆွေးနွေးပွဲ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက ကမ္ဘာ့ရေနံ အများဆုံး ထွက်ရှိသော လက်တင် အမေရိကနှင့် ကာရေဘီယ ံဒေသ နိုင်ငံများအကြား အချင်းချင်းပိုမို ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်နေသည်ကို သဘောတူညီမှု ရရှိခဲ့ကြသည်ဟု ဆိုသည်။

“ သိုလှောင်ထားမှု အခြေအနေတွေ ၊ ဝယ်လိုအား အခြေအနေတွေ ၊ ထုတ်လုပ်မှု အခြေအနေတွေ ၊ လက်ကျန် အနေအထားတွေ ၊ ဟိုက်ဒရို ကာဗွန် ထုတ်လုပ်မှု အခြေအနေတွေ စတဲ့ ကဏ္ဍမျိုးစုံမှာ အဖွဲ့ဝင်နိုင်ငံတွေကြား သတင်း အချက်အလက် ဖလှယ်ဖို့၊ ပေါင်းစပ်လုပ်ကိုင်ဖို့အတွက် ယန္တရား စနစ်တစ်ခု တည်ဆောက်ဖို့လိုအပ်နေတာကို အားလုံးက သဘောတူညီခဲ့ကြပါတယ်” ဟု အစည်းအဝေး ပွဲအပြီး ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဆွေးနွေးပွဲသို့အီကွေဒေါ နိုင်ငံ ဒုတိယသမ္မတ Jore Glas ၊ နိုင်ငံခြားရေး ဝန်ကြီး Guillaume Long နှင့် အခြား ၄ နိုင်ငံမှ စွမ်းအင်ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။ လက်ရှိတွင် ကမ္ဘာ့ရေနံ ပေါက်ဈေးသည် တစ်စည်ကို အမေရိကန် ဒေါ်လာ ၄ဝ အောက်ထိ ရုတ်တရက် ကျဆင်းနေသဖြင့် ရေနံတင်ပို့ရောင်းချနေသော နိုင်ငံများ အတွက် ဝင်ငွေ များစွာ ထိခိုက်လျှက် ရှိကြောင်း သိရသည်။ ( Xinhua )