Connect with us

Latin America

အမေရိကန်နိုင်ငံက အီရန် Mahan Air လေကြောင်းလိုင်းနှင့် ဆက်စပ်မှုရှိသော ယူအေအီးအခြေစိုက် စီးပွားရေးလုပ်ငန်းနှစ်ခုကို အမည်ပျက်စာရင်းသွင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနအဆောက်အအုံအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အစိုးရသည် တီဟီရန်အပေါ် ဖိအားပေးလုပ်ဆောင်မှုကို တိုးမြှင့်သည့်အနေဖြင့် အီရန် Mahan Air လေကြောင်းလိုင်းအား ထောက်ပံ့မှုပေးခဲ့သော အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အခြေစိုက် ကုမ္ပဏီနှစ်ခုကို ပိတ်ဆို့အရေးယူလိုက်ကြောင်း ဩဂုတ် ၁၉ ရက်က ပြောကြားခဲ့သည်။ 

ယူအေအီး အခြေစိုက် Parthia Cargo နှင့် Delta Parts Supply FZC တို့သည် အမေရိကန်နိုင်ငံက ၂၀၁၁ ခုနှစ်ကတည်းက အမည်ပျက်စာရင်းသွင်းထားသော Mahan Air လေကြောင်းလိုင်းအတွက် အရေးပါသော အစိတ်အပိုင်းများနှင့် ကုန်စည်ထောက်ပံ့ဝန်ဆောင်မှုများ ပံ့ပိုးခဲ့ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။ 

ယူအေအီး အခြေစိုက် အီရန်နိုင်ငံပိုင် Amin Mahdavi ၊ Parthia Cargo ၏ စီအီးအိုနှင့် ပိုင်ရှင်တို့ကိုလည်း ပိတ်ဆို့မှု စာရင်းတွင် ထည့်သွင်းထားကြောင်း သိရသည်။ “အီရန်နိုင်ငံ အစိုးရအဖွဲ့က ဆီးရီးယားနဲ့ ဗင်နီဇွဲလားမှာရှိတဲ့ အကျင့်ပျက်လာဘ်စားတဲ့ အစိုးရအဖွဲ့တွေ၊ အရှေ့အလယ်ပိုင်းတစ်လျှောက်က အကြမ်းဖက်အုပ်စုတွေ အပါအဝင် ကမ္ဘာတစ်ဝန်း သူတို့ရဲ့ မတည်မငြိမ်ဖြစ်စေတဲ့ လုပ်ငန်းစဉ်တွေ ဖြန့်ဖို့ Mahan Air ကို အသုံးပြုတယ်” ဟု ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin က ထုတ်ပြန်ချက်၌ ပြောခဲ့သည်။ 

အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin အား တွေ့ရစဉ် (ဆင်ဟွာ)

ထုတ်ပြန်ချက်အရ အရေးယူခံရသော လုပ်ငန်းများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အမေရိကန်နိုင်ငံအတွင်းရှိ ၎င်းတို့ပိုင်ဆိုင်မှုများနှင့် အကျိုးစီးပွားများအားလုံးကိုလည်း ပိတ်သိမ်းလိုက်ကြောင်းနှင့် အမေရိကန်နိုင်သားများအနေဖြင့် ၎င်းတို့နှင့် မည်သည့် လုပ်ငန်းလုပ်ကိုင်မှုမျိုးကိုမဆို တားမြစ်လိုက်ကြောင်း သိရသည်။ 

အီရန်နိုင်ငံ သမ္မတ Rouhani က အမေရိကန် ပိတ်ဆို့မှုများကို ဆက်လက်ကြံ့ကြံ့ခံသွားမည်ဖြစ်ကြောင်းနှင့် နောက်ဆုံးတွင် “ရပ်တန့် ပြီးဆုံး” သွားမည်ဖြစ်ကြောင်း ယင်းနေ့အစောပိုင်းတွင် ပြောကြားခဲ့သည်။ အဆိုပါ အရေးယူမှုသည် အီရန်နိုင်ငံအပေါ် အမေရိကန်၏ အပြင်းထန်ဆုံးဖိအားပေးမှုအသစ်များကြားမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံသည် ဩဂုတ်  ၁၄ ရက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အီရန်နိုင်ငံအပေါ် လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းသက်တမ်းတိုးရန် ကြိုးပမ်းမှု မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် ပိတ်ဆို့မှု ပြန်လည်ပြုလုပ်ရန် ခြိမ်ခြောက်ခဲ့ခြင်းဖြစ်ပြီး အီရန်အပေါ် ၂၀၁၅ ခုနှစ်မတိုင်မီ ကုလသမဂ္ဂ ပိတ်ဆို့မှုများကို ပြန်လည်အသက်သွင်းနေခြင်းဖြစ်သည်။ 

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုအား တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုသည် ဩဂုတ် ၁၉ ရက်က အီရတ် နိုင်ငံခြားရေးဝန်ကြီး Fuad Hussein နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်အတွင်း ပိတ်ဆို့မှုများ ပြန်လည်ပြုလုပ်မည့်အကြောင်း နှစ်ကြိမ်ပြောဆိုခဲ့သည်။သို့သော် Hussein အနေဖြင့် အီရတ်အနေဖြင့် အီရန်နှင့် အမေရိကန်ကြား ဆက်ဆံရေး ကောင်းမွန်ရန် ကြိုးပမ်းခဲ့ကြောင်းသာ ပြောဆိုခဲ့ပြီး အီရန်နိုင်ငံအပေါ် အမေရိကန်၏ ဆုံဖြတ်ချက်နှင့်ပတ်သက်၍ မှတ်ချက်ပြုထားခြင်း မရှိခဲ့ပေ။ 

အီရန်နှင့် ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှားနှင့် အမေရိကန် စသည့် အင်အားကြီးနိုင်ငံ ခြောက်နိုင်ငံကြားတွင် ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သော လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၂၃၁ အရ အီရန်နိုင်ငံသို့ လက်နက်တင်ပို့ရောင်းချမှုကို ပိတ်ပင်ခြင်းမှာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၈ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့သည်။ အီရန်နိုင်ငံက လက်နက်ရောင်းချမှု ပိတ်ပင်ခြင်း သက်တမ်းတိုးမှုအသစ်ကို လက်ခံမည် မဟုတ်ကြောင်းလည်း ထုတ်ဖော်ပြောကြားထားသည်။  (Xinhua)