Connect with us

North America

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ပစ်ခတ်မှုဖြစ်ပွား ၁ ဦးသေ ၊ ၁၁ ဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံနယူးယောက်မြို့ ၌ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

နယူးယောက် ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ဘရွတ်ကလင်းရပ်ကွက်(Brooklyn)၌ ဇူလိုင် ၂၇ ရက် ညပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁ ဦးသေဆုံးပြီး အခြား ၁၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း နယူးယောက်မြို့တော်ရဲတပ်ဖွဲ့ဌာန(NYPD) ၏ ပြောကြားချက်အရ သိရသည်။

ဒေသစံတော်ချိန် ည ၁၁ နာရီခန့်တွင် လူအမြောက်အမြား ပါဝင်ဆင်နွှဲသည့် ရုံပြင်ပျော်ပွဲရွှင်ပွဲတစ်ခု ကျင်းပနေစဉ် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အသက် ၃၈ နှစ်အရွယ်အမျိုးသားတစ်ဦးမှာ ဆေးရုံသို့ရောက်ရှိစဉ် သေဆုံးသွားခဲ့ပြီး အခြားလူအချို့မှာလည်း စိုးရိမ်ဖွယ်အခြေအနေတွင် ရှိနေကြောင်း နယူးယောက်မြို့တော်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဒေသမီဒီယာက ဇူလိုင် ၂၈ ရက် နံနက်ပိုင်းတွင် ဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့အနေဖြင့် အချင်းဖြစ်ကိစ္စနှင့်ပတ်သက်၍ တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးထိန်းသိမ်းထားခြင်းမရှိသေးကြောင်း သိရသည်။

Old Timers နှစ်ပတ်လည် အခမ်းအနားသို့ဧည့်ပရိသတ်ပေါင်း ၂ဝဝဝ မှ ၃ဝဝဝ ခန့်အထိ ပါဝင်ဆင်နွှဲနေစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နယူးယောက်ရဲဌာန ရဲမှူးကြီး James O’Neill က ဆိုသည်။

နယူးယောက်မြို့တော်ဝန် Bill de Blasio က ပစ်ခတ်မှုနှင့်ပတ်သက်၍ ဇူလိုင် ၂၈ ရက်က ပြောကြားရာတွင် “ အေးအေးချမ်းချမ်းကျင်းပနေတဲ့ အခမ်းအနားတစ်ခု ရုတ်တရက် ပျက်စီးသွားခဲ့ရတယ်” ဟုဆိုသည်။

“ ကျွန်တော်တို့ရဲ့ လူမှုအသိုက်အဝန်း လုံခြုံဖို့နဲ့လမ်းမတွေပေါ်မှာ သေနတ်တွေကို ဖယ်ရှားရှင်းလင်းဖို့အတွက် ကျွန်တော်တို့ရှိသမျှစွမ်းအားတွေကို အကုန်သုံးပြီး ကြိုးပမ်းသွားမှာပါ” ဟု ၎င်းကဆိုသည်။

လက်နက်ဥပဒေ အားနည်းချက်ကြောင့် အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် သေနတ်ကြောင့် လူသေဆုံးမှု အများဆုံးဖြစ်ပွားနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ပြီးခဲ့သောနှစ် သြဂုတ်လတွင် ဝါရှင်တန်တက္ကသိုလ် Health Metrics and Evaluation ဌာနမှ ထုတ်ပြန်သည့် စစ်တမ်းတစ်စောင်အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.