Connect with us

North America

နန်စီပလိုစီအား လွှတ်တော်ဥက္ကဌအဖြစ် ၂ နှစ် ထပ်မံတာဝန်ထမ်းဆောင်ရန် ဒီမိုကရက်တစ်အမတ်များရွေးချယ်

အမေရိကန်ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်ဥက္ကဌ နန်စီပလိုစီအား ဝါရှင်တန်ဒီစီမြို့ရှိ ကက်ပီတိုဟီးလ် လွှတ်တော်ခန်းမဆောင်တွင် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၇ ရက်က မိန့်ခွန်းပြောကြားနေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

အမေရိကန်ဒီမိုကရက်တစ်ပါတီလွှတ်တော်အမတ်များက ကွန်ဂရက် လွှတ်တော်ဥက္ကဌ အဖြစ် နန်စီပလိုစီအား နောက်ထပ် ၂ နှစ်ထပ်မံ တာဝန်ထမ်းဆောင်ရန် နိုဝင်ဘာ ၁၈ ရက်က ပါတီတွင်း မဲပေးရွေးချယ်ခဲ့ကြောင်း သိရသည်။

အသက် ၈၀ နှစ်အရွယ်ရှိ ပလိုစီအား လွှတ်တော်အမတ်များက ဗီဒီယိုလင့်မှတစ်ဆင့် အသံဖြင့်မဲပေး၍ အတည်ပြုရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အသံဖြင့်မဲပေးမှုအတွင်း လွှတ်တော် လူများစုခေါင်းဆောင်အဖြစ် Steny Hoyer နှင့် အနိုင်ရပါတီလွှတ်တော်ဥက္ကဌအား အကြံဉာဏ်ပေးမည့် Majority Whip အဖြစ် Jim Clyburn တို့ကို အသီးသီး ပြန်လည် ရွေးချယ်ခဲ့ကြောင်း သိရသည်။၎င်းတို့သုံးဦးစလုံးကို ပါတီတွင်းကန့်ကွက်မှုမရှိ ပြန်လည်ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

ပလိုစီက ထိုသို့ လွှတ်တော်ဥက္ကဌအဖြစ်ဆက်ရှိရန် ရွေးချယ်မှုအား လက်ခံပြီးနောက် မိန့်ခွန်းပြောကြားရာ၌ ၂၀၂၀ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရကြောင်းခန့်မှန်းခံထားရသူ ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန်နှင့်အတူ ကျန်းမာရေး ၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေး နှင့် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များအပါအဝင် ဆောင်ရွက်ဖွယ်ရာများကို လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။
“ အားလုံးအတွက် လွတ်လပ်မှု ၊ တရားမျှတမှု နဲ့အတူ ကျွန်မတို့ရှေ့ဆက်ကြမှာပါ ၊ အမေရိကန်ပြည်သူတွေရဲ့အသံကို ကျွန်မတို့ နားထောင်ရမယ် ၊ အခြားသူတွေရဲ့အသံကိုလည်းလေးစားမှုနဲ့နားထောင်ရမယ် ၊ စည်းလုံးညီညွတ်ဖို့ လုပ်ဆောင်ရမယ်” ဟု ယင်း မဲပေးမှုအစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့သည်။

ပလိုစီသည်လာမည့် ဇန်နဝါရီလတွင် လွှတ်တော်ဥက္ကဌအဖြစ် နောက်ထပ်တစ်ဖန် ကျမ်းသစ္စာပြုနိုင်ရန်အတွက် လွှတ်တော်တစ်ရပ်လုံး၏ အမတ်အများစုထောက်ခံမဲရရှိရန် လိုအပ်နေဆဲဖြစ်သည်။
၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲများအတွင်း ရီပတ်ဘလီကန်ပါတီသည် များစွာသော GOP ကိုယ်စားလှယ်လောင်းများနှင့်အတူ အမတ်နေရာ တစ်ဒါဇင်နီးပါးအထိ ရရှိခဲ့သဖြင့် မသေချာသောအပြိုင်ဖြစ်မှုများ(uncalled races)တွင် ဦးဆောင်နေကြောင်း လွှတ်တော် အစီရင်ခံစာ တစ်စောင်အရ သိရသည်။ ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်များသည် လာမည့်လွှတ်တော်သက်တမ်းအတွက် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကွာဟချက်အကျဉ်းမြောင်းဆုံးဖြင့် နေရာအများစုရရှိရန် မျှော်လင့်နေကြောင်း အစီရင်ခံစာတွင် မှတ်ချက်ပြုထားသည်။ (Xinhua)