Connect with us

North America

ဖလော်ရီဒါ ရှိ ပန်းခြံတစ်ခု တွင် အမျိုးသားတစ်ဦး မိကျောင်းကိုက်ခံရ

ဖလော်ရီဒါပြည်နယ် Cliff Stephens ပန်းခြံ ရှိ မိကျောင်းတစ်ကောင်အား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ် ရှိ ပန်းခြံတစ်ခုတွင် စက်တင်ဘာ ၁၀ ရက် က အဝိုင်းပစ် ကစားနည်းတစ်မျိုးအား ကစားနေသည့် အမျိုးသားတစ်ဦး ကို အလျား ၁၁ပေ ( ၃.၃၅မီတာခန့်) ရှည်လျားသည့် မိကျောင်းတစ်ကောင် က ကိုက်ခဲ့ကြောင်း ပြည်တွင်းမီဒီယာက စက်တင်ဘာ ၁၁ရက်တွင်ဖော်ပြခဲ့သည်။

အသက် ၃၅ နှစ်အရွယ် Richard Peel သည် Clearwater မြို့ Cliff Stephens ပန်းခြံ ရှိ ရေအိုင်တစ်ခုအတွင်းမှ ၎င်း၏ အဝိုင်းပြား အား ဆယ်ယူရန် ကြိုးစားစဉ် မိကျောင်းကိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ကယ်ဆယ်ရေးဝန်ထမ်းများ အလျင်အမြန်ရောက်ရှိလာပြီး Peel အား ရေအိုင်အတွင်းမှ ဘေးကင်းရာသို့ ဆွဲတင်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက FOX 13 Tampa Bay သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဖလော်ရီဒါ တောရိုင်းတိရစ္ဆာန်ကော်မရှင်ရုံး ပြောရေးဆိုခွင့်ရှိသူ Ashley Tyer က ရေအိုင်ထဲသို့ Peel မဆင်းခင်ကတည်းက မိကျောင်းအားတွေ့မြင်နေရကြောင်း နှင့် ကြည်လင်မှုမရှိသော ရေအိုင်များ နှင့်ဝေးရာတွင် နေထိုင်ရန် ပြည်သူများအား အမြဲသတိပေးနေရကြောင်း သတင်းဌာနသို့ပြောကြားခဲ့သည်။

၎င်းက Peel ၏ ဒဏ်ရာအခြေအနေသည် အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ပြောကြားခဲ့သည်။

လူမှုကွန်ရက် ရှိ ဗီဒီယိုများအရ ကယ်ဆယ်ရေးဝန်ထမ်းများသည် မိကျောင်းအား ရေအိုင်ထဲမှ ဆွဲတင်ပြီး ထရပ်ကားတစ်စီးပေါ် တင်ရန် ကြိုးစားနေပုံကို ပြသခဲ့ကြောင်း သိရသည်။ (Xinhua)