Connect with us

North America

မက္ကဆီကို တောင်ပိုင်းကမ်းရိုးတမ်း၌ လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကို ပြည်သူ ၄၂ သန်းက သိရှိ ခံစားခဲ့ရဟု ဆို


မက္ကဆီကို စီးတီး ၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ)

ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းတွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၇.၂ အဆင့်ရှိ ငလျင်ဒဏ်ကို မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း နှင့် တောင်ပိုင်း၌ နေထိုင်ကြသော ပြည်သူ ၄၂ သန်းခန့်က သိရှိခံစားခဲ့ရကြောင်း မက္ကဆီကိုနိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်(UNAM) က ယနေ့ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

Oaxaca ပြည်နယ် တောင်ပိုင်း ကမ်းရိုးတမ်း၌ ဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အဆောက်အအုံများ လှုပ်ရမ်းခဲ့သည်အထိ ပြင်းထန်ခဲ့ပြီး လွန်ခဲ့သော ၂ဝ၁၇ ခုနှစ် စက်တင်ဘာလကလည်း ယင်းဒေသ၌ပင် လူအသေအပျောက် ရှိခဲ့သော အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့သေးကြောင်း သိရသည်။

မက္ကဆီကိုနိုင်ငံ၌ ပြင်းအား ၇.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ကြောက်လန့်နေကြသော ပြည်သူများအား လမ်းမများပေါ်၌ တွေ့ရစဉ် (ဆင်ဟွာ)

ဖေဖော်ဝါရီ ၁၇ ရက်တွင် ငလျင်သတိပေးချက် ထွက်ပေါ်လာပြီးနောက် မက္ကဆီကိုစီးတီးမြို့ရှိ အဆောက်အအုံများ ၊ စီးပွားရေးဌာနများ နှင့် ဈေးဆိုင်များမှ ပြည်သူများသည် လမ်းမများထက်သို့ထွက်ပြေး၍ ငလျင်အန္တရာယ်ကို ရှောင်ရှားခဲ့ကြကြောင်း သိရသည်။

၎င်းငလျင်သည် ၁ မိနစ်ခန့်ကြာ လှုပ်ခတ်ခဲ့ပြီး မက္ကဆီကိုနိုင်ငံအတွင်းရှိ Chiapas ၊ Guerrero ၊ Michoacan ၊ Puebla နှင့် မက္ကဆီကို ပြည်နယ်များမှာ ငလျင်ဒဏ်ကို သိရှိခံစားခဲ့ရသည်။Oaxaca ပြည်နယ်အတွင်း ပစိဖိတ်ကမ်းရိုးတမ်းတစ်လျှောက်ရှိ လူနေအိမ်ပေါင်း ၂ဝဝ ကျော် ပျက်စီးသွားကြောင်း ၊ ယင်းဒေသရှိ နေအိမ်ပေါင်း ၁.၃ သန်းကျော်မှာလည်း လျှပ်စစ်မီးပြတ်တောက်သွားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပြီး ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် ၉၇ ရာခိုင်နှုန်းကို လျှပ်စစ်မီးများ ပြန်လည် ပေးနိုင်ခဲ့ကြောင်း ဆိုသည်။ယင်းဒေသ၌ လွန်ခဲ့သော ဆယ်စုနှစ် ၅ ခုအတွင်း ငလျင်ကြီး ၆ ကြိမ်တိတိ လှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်း မက္ကဆီကို ငလျင်တိုင်းတာရေးဌာန(SNN) က ပြောကြားခဲ့သည်။(Xinhua)