Connect with us

North America

မက္ကဆီကို ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လူ ၁၃ဦးသေဆုံး၊ ပြည်ထဲရေးဝန်ကြီး အသက်ရှင်ကျန်ရစ်


မက္ကဆီကို စီးတီး၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

မက္ကဆီကို နိုင်ငံ တောင်ပိုင်းတွင် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက် စစ်ဘက်ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ရာ လူ ၁၃ဦးသေဆုံးခဲ့ကြောင်း Oaxaca ပြည်နယ် အစိုးရရှေ့နေများက ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

လေယာဉ်ပျက်ကျသည့်နေရာ၌ပင် လူ ၁၂ဦး သေဆုံးခဲ့ပြီး အခြားလူတစ်ဦးမှ ဆေးရုံ၌ သေဆုံးခဲ့ကြောင်း နှင့် လူ ၁၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ် အစိုးရရှေ့နေရုံးက ပြောကြားခဲ့သည်။အဆိုပါ ရဟတ်ယာဉ် တွင် မက္ကဆီကို ပြည်ထဲရေးဝန်ကြီး Alfonso Navarrete နှင့် Oaxaca ပြည်နယ် အုပ်ချုပ်ရေးမှူး Alejandro Murat တို့လိုက်ပါလာပြီး နှစ်ဦးစလုံး အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း သိရသည်။

မက္ကဆီကို နိုင်ငံတွင် ဖေဖော်ဝါရီ ၁၆ရက် က ပျက်ကျခဲ့သည့် စစ်ဘက်ရဟတ်ယာဉ်အားတွေ့ရစဉ် (ဆင်ဟွာ)

Oaxaca ပြည်နယ် တွင် ဖေဖော်ဝါရီ ၁၆ရက် နေ့လည်ပိုင်းက လှုပ်ခတ်ခဲ့သော အင်အား ၇.၂ ပမာဏရှိသည့် အင်အားပြင်းငလျင်၏ ဗဟိုချက် မှ တောင်ဘက် ၁၁ကီလိုမီတာ ရှိ ကမ်းရိုးတန်းမြို့ ဖြစ်သော Pinotepa Nacional မြို့သို့ ရဟတ်ယာဉ်မဆင်းသက်ခင် ဖေဖော်ဝါရီ ၁၆ရက် ညပိုင်းတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မက္ကဆီကို နိုင်ငံတွင် ဖေဖော်ဝါရီ ၁၆ရက် က ပျက်ကျခဲ့သည့် စစ်ဘက်ရဟတ်ယာဉ်အားတွေ့ရစဉ် (ဆင်ဟွာ)

လေယာဉ်မှူးများသည် ရဟတ်ယာဉ်အား ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့်အတွက် လေယာဉ်ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက ပြည်တွင်းသတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။ဝန်ကြီး နှင့် အုပ်ချုပ်ရေးမှူးတို့သည် ငလျင်လှုပ်ခတ်မှုအပြီး အခြေအနေများကို စစ်ဆေးကြည့်ရှုရန် ခရီးစဉ် ထွက်ခွာလာကြခြင်းဖြစ်ပြီး ငလျင်သည် Oaxaca၊ Chiapas၊ Puebla၊ Michoacan နှင့် Mexico City မြို့များတွင် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)