Connect with us

North America

အမေရိကန်နိုင်ငံ သမ္မတဟောင်းကတော် ဘာဘရာဘွတ်ရှ် အသက် ၉၂ နှစ်အရွယ်တွင် ကွယ်လွန်

ဝါရှင်တန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

အသက် ၉၂ နှစ်ရှိပြီဖြစ်သော အမေရိကန်နိုင်ငံ၏ သမ္မတဟောင်းကတော် ဘာဘရာဘွတ်ရှ် (Barbara Bush) သည် ၎င်းအား ဆေးကုသမှုအား လက်လျှော့ရန် ဆုံးဖြတ်ချက်ချခဲ့ပြီးနောက် ဧပြီလ ၁၇ ရက်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဘွတ်ရှ်မိသားစု ပြောရေးဆိုခွင့်ရှိသူက အဆိုပါ ကြေညာချက်အား ဧပြီလ ၁၇ ရက် ညနေပိုင်းတွင် တွစ်တာပေါ်၌တင်ခဲ့ပြီးနောက် ကြေကွဲဝမ်းနည်းကြောင်း သတင်းစကားများ ပေးပို့ခဲ့ကြသည်။ဘာဘရာဘွတ်ရှ်သည် ၎င်း၏ ခင်ပွန်း ဂျော့ရှ်ဘွတ်ရှ် သမ္မတတာဝန်ထမ်းဆောင်ခဲ့သည့် ၁၉၈၉ ခုနှစ်မှ ၁၉၉၃ ခုနှစ်အကြား သမ္မတကတော် (First Lady) ဖြစ်ခဲ့သည်။ ထို့ပြင် ၎င်းသည် ၂၀၀၁ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း သမ္မတတာဝန်ထမ်းဆောင်ခဲ့သော ဂျော့ရှ် ဒဗလျူဘွတ်ရှ် (George W. Bush) ၏ မိခင်လည်း ဖြစ်သည်။

၎င်း၏ သမ္မတကတော်ဖြစ်ခဲ့စဉ်က ဘာဘရာဘွတ်ရှ်သည် ကမ္ဘာတစ်လွှား စာတတ်မြောက်ရေး လှုပ်ရှားမှုအားဖြင့် လူသိများခဲ့ပြီး မိသားစု စာတတ်မြောက်ရေးအတွက် ဘာဘရာဘွတ်ရှ် ဖောင်ဒေးရှင်း (Barbara Bush Foundation) အား တည်ထောင်ခဲ့သည်။ဘာဘရာဘွတ်ရှ်သည် တရုတ်နိုင်ငံရှိ အမေရိကန်နိုင်ငံ ဆက်ဆံရေးရုံးကို ခေါင်းဆောင်ရန် ၁၉၇၄ ခုနှစ်က ခင်ပွန်းဖြစ်သူ ဂျော့ရှ်ဘွတ်ရှ်နှင့်အတူ လိုက်ပါခဲ့သည်။

“ဘာဘရာဘွတ်ရှ်ဟာ ကျွန်တော့်ရဲ့ မိခင်ဖြစ်တဲ့အတွက် ကျွန်တော်ဟာ ကံကောင်းတဲ့သူပါပဲ။ သူ့ကို ကျွန်တော်တို့ မိသားစုတွေ သတိရနေမှာ ဖြစ်သလို ခင်ဗျားတို့ရဲ့ ဆုတောင်းတွေအားလုံးအတွက်လည်း ကျေးဇူးတင်ပါတယ်” ဟု ဂျော့ရှ် ဒဗလျူဘွတ်ရှ်က ကြေညာချက်တွင် ပြောကြားခဲ့သည်။အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် သမ္မတကတော် မယ်လန်နီယာထရမ့်တို့က ဘာဘရာဘွတ်ရှ်အား “နိုင်ငံနဲ့ မိသားစုအတွက် ခိုင်မာသော သံယောဇဉ်ကို အမြဲအမှတ်ရနေမှာ ဖြစ်ကြောင်း” အိမ်ဖြူတော် ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

Apple ၏ အမှုဆောင်အရာရှိချုပ် တင်မ်ကွတ် (Tim Cook) ကတည်း “ကျွန်တော်တို့အားလုံးကို လှူဒါန်းခြင်း၊ စာမတတ်မြောက်ခြင်းနဲ့ တိုင်းပြည်ချစ်စိတ်တွေရဲ့ အရေးကြီးပုံကို ဘာဘရာဘွတ်ရှ်က သူ့ရဲ့ ဘဝတစ်လျှောက်လုံးမှာ ပြသသွားခဲ့တယ်။ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ” ဟု ပြောကြားခဲ့သည်။ (Xinhua)