Connect with us

North America

အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် ရေကြီးမှုတွင် သေဆုံးသူ ၈ ဦး ရှိ

အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်၌ ရေကြီးရေလျှံမှုဖြစ်ပွားနေပုံအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

လော့စ်အိန်းဂျလိစ် ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အနောက်ပိုင်း အရီဇိုးနားပြည်နယ် Payson ရှိ သဘာဝရေအိုင်၌ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၈ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းမီဒီယာက ဆိုသည်။

ရုတ်တရက်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သဘာဝရေအိုင်ကြီးသည် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၁၅ ရက် ညနေပိုင်းတွင် သေဆုံးသူ အနည်းဆုံး ၈ ဦးထိ ရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် အခြား လူ ၂ ဦးမှာလည်း ပျောက်ဆုံးလျက်ရှိရာ ၎င်းတို့မှာ သေဆုံးသွားပြီးဟု ယူဆရကြောင်း အရီဇိုးနားပြည်နယ် ဒေသတွင်း Paysonroundup.com အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။အာဏာပိုင်များက ပြောကြားရာတွင် အခင်းဖြစ်ပွားချိန်၌ လူ ၁၄ ဦး ရေကူးနေကြောင်း ၊ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ၎င်းတို့မှာ ရေအရှိန်ဖြင့် မျောပါသွားကြောင်း သိရသည်။ အဆိုပါ လူအုပ်ထဲတွင် အရွယ်ရောက်ပြီးသူ လူကြီးများ နှင့် လူငယ်များပါဝင်ကြောင်း ၊ ၎င်းတို့မှာ ရင်းနှီးသော မိတ်ဆွေသူငယ်ချင်းများ ဖြစ်နိုင်ကြောင်း အာဏာပိုင်များက ဆိုသည်။ သေဆုံးသူများထဲတွင် အသက် ၂ နှစ် မှ ၆ဝ နှစ်အထိ ပါဝင်ကြောင်း Gila County Sheriff ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်များက ကလေးငယ်တစ်ဦးကို ပွေ့ချီထားသည့် လူကြီး တစ်ဦးအပါအဝင် လူ ၄ ဦးကို သဘာဝရေကူကန်၏ တောင်ဘက် အရပ်မှ ဇူလိုင်လ ၁၅ ရက်တွင် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ကယ်ဆယ်ရေးသမားများသည် ပျောက်ဆုံးနေသူ ၂ ဦးကို ဆက်လက်ရှာဖွေလျက်ရှိကြောင်း ၊ သို့သော် ၎င်းတို့နှစ်ဦးအား အသက်ရှင်လျက် ပြန်ရှာတွေ့ရန် မျှော်လင့် မထားတော့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။(Xinhua)