Connect with us

North America

အမွှာကလေးနှစ်ဦး ရေနစ်သေဆုံးမှုအတွက် ကယ်လီဖိုးနီးယား အမျိုးသမီး ထောင်ကျ

အမွှာသားနှစ်ဦး သေဆုံးမှုကြောင့် တရားစွဲခံရသည့် အသက် ၃၇ နှစ်အရွယ် Heather Langdon အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆန်ဖရန်စစ္စကို၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Central Valley ဒေသမှ အမျိုးသမီးတစ်ဦးအား မိုတယ်တစ်ခုတွင် ၎င်း၏ အမွှာကလေးငယ်နှစ်ဦး ရေနစ်သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရပြီးနောက် လူသတ်မှုဖြင့် အရေးယူခံရဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားလိုက်သည်။

အသက် ၃၇ နှစ်အရွယ် Heather Langdon သည် Central Valley ဒေသTulare နယ်မြေရှိ Virginia Motor Lodge မိုတယ်တွင် ကလေးငယ်နှစ်ဦးသေဆုံးမှုနှင့်ပတ်သက်၍ စွဲချက်တင်ခံရမည်ဖြစ်ကြောင်း Tulare ရဲဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ ဒေသခံရုပ်မြင်သံကြားဌာန Ksee က ဖော်ပြခဲ့သည်။

အရေးပေါ်ဖုန်းခေါ်ဆိုမှု လက်ခံရရှိပြီးနောက် ဒီဇင်ဘာလ ၆ ရက် နံနက်အစောပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များအား မိုတယ်သို့ စေလွှတ်ခဲ့ကြောင်း၊ ထို ကလေးငယ်နှစ်ဦးအား ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း ရုပ်မြင်သံကြားသတင်းအရ သိရသည်။

မိုတယ်ပိုင်ရှင်၏ ပြောကြားချက်အရ ဒီဇင်ဘာလ ၅ ရက်ညက မိုတယ်သို့ ရောက်ရှိလာသော အဆိုပါ မိခင်နှင့် ၎င်း၏သားနှစ်ဦးတို့မှာ အိမ်ခြေမဲ့များဖြစ်ကြောင်းနှင့် မိုတယ်က တစ်ညတာအတွက် အခန်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။အခင်းဖြစ်ပွားရာ မိုတယ်၌ ရေကူးကန်မရှိကြောင်းနှင့် ကလေးငယ်များအား မည်သည့်နေရာ၌ ရေနစ်သေဆုံးခဲ့သည့်ကို စုံစမ်းစစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။သေဆုံးမှုတွင် မူးယစ်ဆေးဝါးများ သို့မဟုတ် အရက်သေစာ သောက်သုံးထားခြင်း ရှိမရှိကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ (Xinhua)