Connect with us

North America

ဥရောပမှ ပျံသန်းလာသည့် လေယာဉ် ၂စင်းမှ ခရီးသည်များ အမေရိကန်လေဆိပ်သို့ ရောက်ရှိစဉ် နေထိုင်မကောင်းဖြစ်ပွား

ခရီးသည်များ နေမကောင်းဖြစ်ခဲ့သည့် American Airline မှ လေယာဉ်တစ်စီးအား Philadelphia အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ Philadelphia အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသော နိုင်ငံတကာလေယာဉ်များ ပေါ်လိုက်ပါလာသည့် ခရီးသည် ၁၂ဦး တွင် ဖျားနာသည့် လက္ခဏာများ ဖြစ်ပေါ်ခဲ့ကြောင်း လေဆိပ်က စက်တင်ဘာ ၆ ရက်တွင်ပြောကြားခဲ့သည်။

ခရီးသည်များသည် American Airlines 755 ဖြင့် ပါရီမြို့မှ လည်းကောင်း၊ American Airline 1317 ဖြင့် မြူးနစ်မြို့မှ လည်းကောင်း ခရီးထွက်ခွာလာပြီးနောက် ဖျားနာခဲ့ကြကြောင်း သိရသည်။

ကြိုတင်ကာကွယ်သည့်အနေဖြင့် လေယာဉ် ၂စင်းပေါ်မှ လေယာဉ်ဝန်ထမ်းများအပါအဝင် ခရီးသည် ၃၀၀ဦး ဝန်းကျင်ခန့်ကို ဆေးစစ်မှုပြုလုပ်ရန် ရောဂါပိုး ထိန်းချုပ်ရေး စင်တာ (CDC) သို့ ခေါ်ဆောင်ခဲ့ကြောင်း လေဆိပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

လေဆိပ်က CDC၊ Philadelphia ကျန်းမာရေးဌာန နှင့် Philadelphia မီးသတ်ဌာန ဝန်ထမ်းများသည် ကျန်းမာရေးဆိုင်ရာ ဆန်းစစ်မှု နှင့် အကဲဖြတ်လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထုတ်ပြန်ချက်၌ နေထိုင်မကောင်းသူ ခရီးသည် ၁၂ဦးမှ လွဲ၍ ကျန်ခရီးသည်များကို ပြန်ခွင့်ပြုခဲ့ပြီး အဆိုပါ ဖြစ်ရပ်ကြောင့် လေဆိပ်လည်ပတ်မှုများ အပေါ် အကျိုးသက်ရောက်မှုမရှိခဲ့ကြောင်းပါရှိသည်။

CDC တာဝန်ရှိသူတစ်ဦးက နေထိုင်မကောင်းသည့် ခရီးသည် တစ်ဦးတစ်ယောက်မျှ အခြေအနေ မစိုးရိမ်ရဘဲ ဆေးစစ်ချက်အဖြေများ အတည်ပြုပြီးပါက အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒူဘိုင်း မှ နယူးယောက်မြို့သို့ ပျံသန်းလာသော Emirates လေယာဉ် သည် John F. Kennedy အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရပ်နားပြီးနောက် လေယာဉ်ပေါ်ရှိ အနည်းဆုံး ခရီးသည် ၁၉ဦး နေထိုင်မကောင်းဖြစ်ခဲ့ပြီး နောက်တစ်ရက်တွင် ယင်းဖြစ်ရပ် ထွက်ပေါ်လာခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.