Connect with us

North America

အမေရိကန်နိုင်ငံ CDC က COVID-19 လက္ခဏာမပြသူများကို ရောဂါစစ်ဆေးရေးဆိုင်ရာ လမ်းညွှန်ချက်များ မွမ်းမံထုတ်ပြန်

အမေရိကန်နိုင်ငံ နယူးယောက်မြို့ ဘရွတ်ကလင်းခရိုင်တွင် ရပ်ကွက်အတွင်း COVID-19 စစ်ဆေးရာနေရာတွင် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ- Michael Nagle/Xinhua)

ဝါရှင်တန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ (CDC) က နိုဗယ် ကိုရိုနာဗိုင်းရပ်စ် လက္ခဏာမရှိသူများကို  ရောဂါစစ်ဆေးခြင်းဆိုင်ရာ လမ်းညွှန်ချက်များအား ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် စက်တင်ဘာ ၁၈ ရက်က ထပ်မံမွမ်းမံထုတ်ပြန်ခဲ့ကြောင်း သိရသည်။

“ရောဂါလက္ခဏာမပြသူတွေနဲ့ ရောဂါလက္ခဏာမပြမီ ကူးစက်မှုတွေက အရေးကြီးတာကြောင့်  SARS-CoV-2 ကူးစက်ထားသူနဲ့ အနီးကပ်ထိတွေ့ခဲ့သူအပါအဝင် ရောဂါလက္ခဏာမပြသူတွေကိုပါ စမ်းသပ်စစ်ဆေးဖို့ လိုအပ်ကြောင်း ဒီလမ်းညွှန်ချက်က အားဖြည့်ပေးမှာဖြစ်ပါတယ်” ဟု ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။

“SARS-CoV-2 ကူးစက်မှုရှိသူနဲ့ အနီးကပ်ထိတွေ့သူတွေအားလုံး စစ်ဆေးမှုတွေလုပ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ရောဂါလက္ခဏာမပြတာနဲ့ ရောဂါလက္ခဏာမပြမီ ကူးစက်မှုတွေ ရှိတာကြောင့် SARS-CoV-2 ရှိသူတွေနဲ့ ထိတွေ့သူတွေကို အလျင်အမြန် ခွဲခြားဖို့နဲ့ ရောဂါစစ်ဆေးဖို့ အရေးကြီးပါတယ်” ဟု CDC က ရှင်းလင်းဖော်ပြထားသည်။

အဆိုပါ လမ်းညွှန်ချက်သည် COVID-19 ရောဂါလက္ခဏာမပြသူများအား ရောဂါစစ်ဆေးရန် မလိုအပ်ကြောင်း ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သည့် CDC လမ်းညွှန်ချက်ကို ပြောင်းလဲထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။  (Xinhua)