Connect with us

North America

ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ဘီလ်ဂိတ်နေရာတွင် LVMH စီအီးအိုက နေရာယူ

LVMH ထုတ်လုပ်သူ စီအီးပို ပြင်သစ် သန်းကြွယ်သူဌေး ဘားနတ်အာနော့တ် (ဝဲ) နှင့် မိုက်ခရိုဆော့ဖ် ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်တို့အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးယောက်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

ဇိမ်ခံကုန်ပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီစုကြီး LVMH ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သော ပြင်သစ် သန်းကြွယ်သူဌေး ဘားနတ်အာနော့တ် (Bernard Arnault) က ကမ္ဘာ့ဒုတိယအချမ်းသာဆုံးအဖြစ် ဘီလ်ဂိတ် (Bill Gates) အားကျော်တက်သွားကြောင်း Bloomberg Billionaires Index အရ သိရသည်။

အသက် ၇၀ နှစ်ရှိပြီဖြစ်သော အာနော့တ်သည် အသားတင်ကြွယ်ဝချမ်းသာမှု အမေရိကန်ဒေါ်လာ ၁၀၈ ဘီလီယံဝန်းကျင်ပိုင်ဆိုင်ပြီး မိုက်ခရိုဆော့ဖ် ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်၏ အသားတင်ကြွယ်ဝမှုမှာ လက်ရှိတွင် အမေရိကန်ဒေါ်လာ ၁၀၇ ဘီလီယံပိုင်ဆိုင်ကြောင်း သိရသည်။

ဂိတ်သည် ၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ထိုဒုတိယမြောက်အချမ်းသာဆုံးထိပ်တန်းနေရာမှ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့အချမ်းသာဆုံးအမျိုးသားနေရာအား အမေဇုံတည်ထောင်သူ ဂျက်ဖ်ဘီဇော့ (Jeff Bezos) က အသားတင်ကြွယ်ဝမှု ဒေါ်လာ ၁၂၄ ဘီလီယံဖြင့် ပိုင်ဆိုင်ထားခြင်းဖြစ်သည်။

အာနော့တ်၏ ကြွယ်ဝမှုမှာ ၂၀၁၈ ခုနှစ်တွင် ဒေါ်လာ ၃၉ ဘီလီယံတိုးလာခဲ့ကြောင်း၊ ယင်းပမာဏမှာ ကမ္ဘာ့အချမ်းသာဆုံးလူ ၅၀၀ ပါဝင်သောစာရင်းတွင် တစ်ဦးချင်းဝင်ငွေရရှိမှုအများဆုံးလည်းဖြစ်ကြောင်း Bloomberg အရ သိရသည်။

၎င်း၏ LVMH ကုမ္ပဏီမှာ ၂၀၁၈ ခုနှစ်တွင် ဝင်ငွေ ဒေါ်လာ ၅၃ ဘီလီယံကျော် ရရှိခဲ့သည်။ အဆိုပါ လုပ်ငန်းစုက Christian Dior, Louis Vuitton, Dom Perignon Champagne, TAG Heuer နှင့် Rimowa အပါအဝင် ကုမ္ပဏီပေါင်း ၇၀ ကျော်အား စုပေါင်းတည်ထောင်ထားခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.