Connect with us

Culture & Entertainment

ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်းတော်ကြီးဥယျာဉ်၏ (၁၆) ကြိမ်မြောက် “Flower Dreamland” ပန်းပွဲတော်ကို ဒီဇင်ဘာ ၁၆ ရက်မှ ဇန်နဝါရီ ၁၄ ရက်အထိ ကျင်းပမည်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်၏ (၁၆) ကြိမ်မြောက် “Flower Dreamland” ပန်းပွဲတော်ကျင်းပရန် ကြေညာထားမှုအားတွေ့ရစဉ် (ဓာတ်ပုံ- အမျိုးသားကန်တော်ကြီးဥယျာဉ်)

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်၏ (၁၆) ကြိမ်မြောက် “Flower Dreamland” ပန်းပွဲတော်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အမျိုးသားကန်တော်ကြီးဥယျာဉ်မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၁၁ ရက်တွင် Viber မှတစ်ဆင့်ဖြေကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

“အမျိုးသားကန်တော်ကြီးဥယျာဉ်၏ ထင်ရှားတဲ့ အထိမ်းအမှတ် (Unique) ပွဲတော် တစ်ခု ဖြစ်လာစေဖို့၊ ရာသီအလိုက်ပန်းတွေကို တစ်ချိန်တည်း တစ်နေရာတည်းမှာ ဆန်းပြားတဲ့အသွင် အပြင်တွေနဲ့ ခင်းကျင်းပြသပြီး ဧည့်သည်တွေကို ကြည်နူးပျော်ရွှင်မှု အပြည့်အဝ ပေးနိုင်ဖို့၊ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များအတွက် နိုင်ငံတကာအဆင့်မီ ထူးခြား ဆွဲဆောင်မှုရတဲ့ နှစ်စဉ်ပန်းပွဲတော်တစ်ခု ဖြစ်လာစေဖို့ ၊ မြန်မာနိုင်ငံရဲ့ ပန်းစိုက်ပျိုးထုတ်လုပ်မှု (Floral industry) ကဏ္ဍကို အထောက်အကူ ပြုစေဖို့နဲ့ သဘာဝဝန်းကျင်ကို ချစ်ခင်တန်ဖိုးထားမှု ပိုမိုမြင့်မားလာစေဖို့၊ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍ မြှင့်တင်ဖို့နဲ့ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုစေဖို့ ရည်ရွယ်ပြီး ပန်းပွဲတော်ကို ကျင်းပတာဖြစ်ပါတယ်” ဟု အမျိုးသားကန်တော်ကြီး ဥယျာဉ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အမျိုးသားကန်တော်ကြီးဥယျာဉ်၏ နှစ်ဉ်ကျင်းပမြဲဖြစ်သည့် ပန်းပွဲတော်ကို ကိုဗစ်-၁၉ ရောဂါ၏ သက်ရောက်မှုကြောင့် ၂၀၁၉ ခုနှစ်တွင် ကျင်းပခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ် တို့တွင် ကျင်းပနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ၂၀၂၂ ခုနှစ်တွင် ပြန်လည်ကျင်းပခဲ့ရာ ဧည့်သည်စည်ကားမှု အတိုင်းအတာတစ်ခုအထိ ပြန်လည်ရရှိခဲ့ကြောင်း၊ ထို့ကြောင့် ၂၀၂၃ ခုနှစ်တွင် ဆန်းသစ်သော မြေယာရှုခင်းပုံစံများ အသစ်ပြောင်းလဲခြင်းနှင့်အတူ (၁၆) ကြိမ်မြောက်အဖြစ် ပန်းပွဲတော်ကို အစဉ်အလာမပျက် ထပ်မံကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
အမျိုးသားကန်တော်ကြီးဥယျာဉ်၏ (၁၆) ကြိမ်မြောက် ပန်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပန်းပွဲတော် ကျင်းပနေသည့် တစ်လတာ ကာလအတွင်း ဖွင့်ပွဲအခမ်းအနား အပါအဝင် လူစည်ကားမည့် နေ့ရက်များ၌ ဂီတဖျော်ဖြေမှုများ နှင့် အခြားစိတ်ဝင်စားဖွယ် ဖျော်ဖြေရေး အစီအစဉ်များကို Pastel Company Limited နှင့်အတူ ပူးပေါင်းပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ခရစ္စမတ်၊ နှစ်သစ်ကူး၊ လွတ်လပ်ရေးနေ့ စသည့် ရက်သတ္တပတ်များတွင် ဂီတဖျော်ဖြေ တင်ဆက် မှုများ အပါအဝင် Magic show ၊ Dancer စသည့် အစီအစဉ်များကိုလည်း ထည့်သွင်းပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

ပန်းပွဲတော် ကာလအတွင်း လူသုံးကုန်နှင့် စားသောက်ကုန်များ ရောင်းချသော ပန်းဥယျာဉ် ဈေးပွဲတော် အပါအဝင် ဒေသလူမှုစီးပွား အထောက်အကူပြု ဒေသထွက်ကုန်များ၊ သစ်ပင်ပန်းပင်များ ခင်းကျင်းပြသရောင်းချမည့် Exhibition ဧရိယာတစ်ခုလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အမျိုးသားကန်တော်ကြီးဥယျာဉ်၏ မြေယာရှုခင်း ဒီဇိုင်းရေးဆွဲခြင်း၊ မြေပြင် ပုံဖော်ခြင်းနှင့် ပန်းစိုက်ပျိုးခြင်းလုပ်ငန်းတို့ကို မြန်မာ-စင်္ကာပူ ကုမ္ပဏီဖြစ်သည့် Ginko Nursery Company Limited နှင့် ပူးပေါင်းဆောင်ရွက်ထားကြောင်း၊ နိုင်ငံတကာအဆင့်မြင့် ဥယျာဉ်များကဲ့သို့ မြေယာရှုခင်း ပြင်ဆင်ပြောင်းလဲမှုများကို ဇုန် (၈) ဇုန်ခွဲ၍ ဆောင်ရွက်ခဲ့ပြီး ဒေသပန်းမျိုးများ စိုက်ပျိုးထားသည့် ဇုန်ဧရိယာတစ်ခုလည်း ပါဝင်ကြောင်း သိရသည်။
“ ခရီးသွား ဧည့်သည်တွေအနေနဲ့ အရင်က ရှုခင်းပုံစံတွေနဲ့ မတူတဲ့ ပုံစံအသစ်တွေနဲ့ ရောင်စုံပန်းခင်းတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ပန်းပွဲတော်ကာလအတွင်း ရာသီပန်းများ စုံလင်စွာ စိုက်ပျိုးပြသနိုင်ဖို့အတွက် ပြင်ဆင် ပြောင်းလဲလိုက်တဲ့ မြေယာရှုခင်းပုံစံအသစ်များကို ပြည်တွင်း၊ ပြည်ပ ရာသီအလှပန်း အရေအတွက် ၂၀၀,၀၀၀ ကျော်၊ မျိုးစိတ် (၄၀)နဲ့ အတူ လီလီပန်းပြကွက်လည်း ပါဝင်မှာဖြစ်ပါတယ်” ဟု အဆိုပါတာဝန်ရှိသူက ဖြည့်စွက်ပြောကြားသည်။ (Xinhua)

 

 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117