Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ နေပြည်တော် တပ်ကုန်းမြို့နယ်၌ လူ ၁၀၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွါး

တပ်ကုန်းမြို့နယ်တွင် အစာအဆိပ်သင့်သူများအား ကျန်းမာရေးစောင့်လျှောက်ပေးနေမှုအား တွေ့ရစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကြက်သွန်ခင်းကျေးရွာအုပ်စု၊ ချောင်းခြားကျေးရွာတွင် လူ ၁၀၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွါးခဲ့ပြီး အဆိုပါ အစာအဆိပ်သင့်သူများ၏ အခြေအနေ သက်သာကောင်းမွန်လျက်ရှိကြောင်း ယနေ့ (စက်တင်ဘာ ၁၈ ရက်) နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ ကျေးရွာသည် ရေဘေးဒဏ်ခံစားခဲ့ရသော ဒေသဖြစ်ပြီး စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် အလှူရှင်များမှ လာရောက်လှူဒါန်းသော ဒံပေါက်၊ ကြက်သားအာလူးဟင်း၊ ဘဲဥခရမ်းချဉ်သီးချက်များအား စားသောက်ပြီးနောက် ဝမ်းလျှောခြင်း၊ အော့အန်ခြင်း အစရှိသော အစာအဆိပ်သင့်ရောဂါလက္ခဏာများ ဖြစ်ပွါးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယင်းအစာအဆိပ်သင့်သူများကို တပ်ကုန်းမြို့နယ် ခုတင် (၁၀၀) ပြည်သူ့ဆေးရုံတွင် ပြင်ပလူနာအဖြစ် (၅၀) ဦး၊ အတွင်းလူနာအဖြစ် (၅၆) ဦး၊ ကလေးရောဂါအထူးကုဆေးရုံကြီး-နေပြည်တော်တွင် အတွင်းလူနာအဖြစ် (၅) ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) တွင် အတွင်းလူနာအဖြစ် (၄) ဦး တက်ရောက်ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
သဘာဝဘေးဒဏ်ခံစားရသော ပြည်သူများအား အစားအသောက်များ လှူဒါန်းရာတွင် အလှူရှင်များအနေဖြင့် ပူပူနွေးနွေးပြင်ဆင်ထားသည့် သန့်ရှင်းသောအစားသောက်များအား ပြင်ဆင်ပေးပို့လှူဒါန်းကြရန်နှင့် ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့များနှင့်ဆက်သွယ်၍ ဆောင်ရွက်ရန်၊ ယာယီကယ်ဆယ်ရေးစခန်းများတွင် တာဝန်ယူဆောင်ရွက်နေကြသော စီမံခန့်ခွဲမှုအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများမှ စခန်းများတွင် လှူဒါန်းကြသော အစားအသောက်များအား ကျန်းမာရေးနှင့် ညီညွတ်စေရန်နှင့် သန့်ရှင်းမှုရှိစေရန် ကြီးကြပ်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးကြပါရန် ကျန်းမာရေးဌာနမှ တိုက်တွန်းနှိုးဆော်ထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ( Xinhua)