Connect with us

Environment, Disasters & Accidents

အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံမြောက်ပိုင်းမှ ဆုတ်ခွာပြီ

မိုးရွာထဲတွင် ထီးဖြင့် သွားနေသော အမျိုးသားတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများဖြစ်သော ကချင်ပြည်နယ်၊ စစ်ကိုင်းဒေသကြီးအထက်ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှ ဆုတ်ခွာသွားပြီဖြစ်ပြီး အောက်တိုဘာ ၁၀ ရက်နောက်ပိုင်းတွင် နိုင်ငံတစ်ဝန်းလုံးမှ ဆုတ်ခွာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၂၃ ရက်၌ ပြောသည်။
ဦးလှထွန်းက “အနောက်တောင်မုတ်သုံလေက မြန်မာနိုင်ငံမြောက်ပိုင်းကနေ စက်တင်ဘာ ၂၁ ရက်က ဆုတ်ခွာသွားတာပါ။ ပုံမှန် မုတ်သုံဆုတ်ခွာရက်ထက် ၂ ရက်၊ ၃ ရက်လောက်နောက်ကျပါတယ်။ ကျန်တဲ့ မြန်မာနိုင်ငံအလယ်ပိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသနဲ့ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေလည်း မုတ်သုံဆုတ်တဲ့ရက်က ပုံမှန်ထက်တော့ နည်းနည်းနောက်ကျဖို့ ရှိတယ်” ဟု ပြောသည်။
လက်ရှိတွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လျက်ရှိပြီး၊ လာမည့်ရက်များတွင်း လေဖိအားနည်းရပ်ဝန်းဆက်လက်ဖြစ်မည့် အလားအလာများရှိသောကြောင့် မုတ်သုံဆုတ်ခွာမှုကို နှောင့်နှေးစေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
ဦးလှထွန်းက “အနောက်တောင်မုတ်သုံလေ ဆုတ်ခွာပေမဲ့လည်း မိုးကတော့ မကုန်သေးဘူး။ မိုးမကုန်တာကတော့ အရှေ့ဘက်ကလာတဲ့ မုန်တိုင်းအကြွင်းအကျန်တွေတို့၊ ဘင်္ဂလားပင်လယ်အော်မှာဖြစ်တဲ့ မုန်တိုင်းတွေကြောင့် မုတ်သုံဆုတ်ပေမဲ့မိုးက ဆက်ရွာနိုင်တယ်။ ဒါပေမဲ့ မုတ်သုံမိုးလို ရက်ဆက်ရွာတဲ့ အနေအထားမျိုးတော့မရှိဘူးပေါ့” ဟုပြောသည်။
မုတ်သုံဆုတ်ခွာချိန်ရွာသည့် မိုးသည် ထစ်ချုန်းမိုးများဖြစ်သည့်အတွက် လေထုမငြိမ်မသက်မှုများ၊ မိုးတိမ်တောင် ဖြစ်ပေါ်ခြင်းများ ဖြစ်နိုင်ခြင်းပြီး မိုးထစ်ချုန်းခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် လေပြင်းတိုက်ခြင်း၊ မြေပြိုခြင်း၊ မိုးကြိုးပစ်ခြင်း အန္တရာယ်တို့ကို ပြည်သူများအနေဖြင့် သတိထားသင့်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)