Videos
လက်နှိပ်စက် စာစီစာရိုက် စေျးကွက် ဆက်လက် ထွန်းကားနေဆဲဖြစ်
ရန်ကုန်၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံ၌ ကွန်ပြူတာ မပေါ်ပေါက်မီ ကာလက လက်နှိပ်စက်များသည် ဈေးကွက် တွင် အများဆုံး နေရာ ရရှိခဲ့ပြီး အစိုးရရုံးများ ၊ တရားရုံးများ ၊ ကုမ္ပဏီများ အစရှိသဖြင့် နေရာတိုင်းတွင် လက်နှိပ်စက် ကိုသာ အသုံးပြုခဲ့ကြသည်။
ယနေ့တွင် ကွန်ပြူတာခေတ်သို့ ရောက်ရှိပြီဖြစ်သော်လည်း သက်တမ်းရင့် လက်နှိပ်စက်များဖြင့် စာစီစာရိုက် လုပ်ကိုင်နေသူများအတွက် စေျးကွက်တစ်ခုသည်လည်းတည်ရှိနေဆဲဖြစ်သည်။
လက်နှိပ်စက် စာစီစာရိုက် လုပ်ငန်း အပ်နှံသူများမှာ ထိမ်းမြား မင်္ဂလာ ကတိသစ္စာ ပြုလွှာတွင် စာဖြည့်စွက်လိုသူများ ၊ ဥပဒေ ရေးရာ စာရွက်များ အတွက် ရှေ့နေစာရွက်စာတမ်းများ တွင် အများဆုံး အသုံးပြုကြပြီး မြန်မာနှင့် အင်္ဂလိပ် နှစ်ဘာသာဖြင့် စာစီစာရိုက်ကြကြောင်း သိရသည်။
ယနေ့ခေတ်တွင် လက်နှိပ်စက်များ၏ ဈေးကွက်သည် ခေတ်ကာလ အပြောင်းအလဲများနှင့် အတူ ရိုးရိုး လက်နှိပ်စက်များ သာမက လျှပ်စစ် လက်နှိပ်စက်များလည်း ပုံစံ ပေါ်ထွက်လာသော်လည်း လျှပ်စစ် မလိုဘဲ စာစီစာရိုက်နိုင်သော ရိုးရိုး လက်နှိပ်စက်များကိုတော့ အများစုက ကြိုက်နှစ်သက်ကြသည်ဟု သိရသည်။
သတင်းအချက်အလက် လုံခြုံမှု ရှုထောင့်မှကြည့်မည် ဆိုပါက လက်နှိပ်စက်များက အလုပ်လာအပ်နှံသည့် ဖောက်သည်များ အတွက် လျှို့ဝှက်လိုသည့် သတင်းအချက်အလက်များကို လက်နှိပ်စက် စာရိုက်သူ နှင့် အလုပ်အပ်နှံသူ အကြားသာ သိရှိနိုင်သောကြောင့် လက်ရှိအသုံးပြုနေသည့် ကွန်ပြူတာများ ထက်စာလျှင်ပိုမိုလုံခြုံမှုရှိခြင်းသည်လည်း လက်နှိပ်စက်၏ အားသာချက်ဖြစ်လာသည်။
ယခုအခါတွင် မြန်မာ့ လက်နှိပ်စက် ဈေးကွက် အတွင်း၌ စက်အသစ်များ ထပ်မံ ဝင်ရောက်လာခြင်း မရှိတော့ ဘဲ ခေတ်ဟောင်းက လက်နှိပ်စက်များကို ပြန်လည် ပြုပြင် မွမ်းမံကာ လေလံတင် ရောင်းချခြင်းများ ရှိနေကြောင်း သိရသည်။
လက်ရှိ လက်နှိပ်စက် စာစီစာရိုက်လုပ်ငန်းလုပ်ဆောင်နေသူ တစ်ဦးက လက်နှိပ်စက် စာစီစာရိုက် ဈေးကွက်မှာ ဆက်လက် ထွန်းကားနေဆဲဖြစ်ကြောင်းနှင့် လက်နှိပ်စက်စာရိုက်သူ တစ်ယောက်က လက်နှိပ်စက် ကောင်းကောင်း ရိုက်တတ်ရုံ တင်မကဘဲ သက်ဆိုင်ရာ နယ်ပယ် ၊ ဘာသာစကား ၊ အမြန်နှုန်း နဲ့ တိကျမှုများအတွက် အသိပညာ ကျွမ်းကျင်မှု ရှိရန်လိုအပ်ကြောင်း ဆင်ဟွာသတင်းဌာနကိုပြောကြားခဲ့ကြောင်းသိရသည်။(Xinhua)