MYANMAR
COVID-19 ကာလ ဖြေလျှော့ချိန် ပုဂံဘုရားဖူးများစည်ကားသော်လည်း ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၆၀ ရာခိုင်နှုန်းကျဆင်း
ပုဂံ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)
COVID-19 ရောဂါ နှင့် ပတ်သက်၍ ဖြေလျှော့မှုများ ဆောင်ရွက်သည့်အချိန် တွင် ပြည်သူများ တဖြည်းဖြည်းပြန်လည်၍ ခရီးသွားလာနေကြပြီး ယခု ပိတ်ရက် ၄ ရက်တွင် မန္တလေးတိုင်းဒေသကြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ၌ ခရီးသွားများဖြင့် ပြန်လည်စည်ကားလာလျက်ရှိသည်။ သို့သော်၂၀၁၉ ခုနှစ် ကာလတူ နှင့် နှိုင်းယှဉ်ပါက ၆၀ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန် က ဆင်ဟွာ ကို သြဂုတ် ၁ ရက်တွင်ပြောသည်။
ဦးအောင်အေးဟန်က “ပုဂံမှာ ဟိုတယ်အလုံး ၈၀ ကျော်လောက်ဖွင့်ထားပြီ။ အခုအချိန်မှာတော့ ဟိုတယ်တွေ က လူပြည့်နေတယ် လို့ သိရပါတယ်။ ဒါပေမယ့်အရင်နှစ် ဒီလိုအချိန် နဲ့ယှဉ်ရင် ၆၀ ရာခိုင်နှုန်း ကျတယ်။ ကျွန်တော်တို့ စာရင်းအတိအကျပြုစုပြီး မကြာခင်ထုတ်ပြန်သွားဖို့ရှိပါတယ်’’ ဟုပြောသည်။
ပုဂံဘုရားစေတီများအားတွေ့ရစဉ် (ဆင်ဟွာ)
လက်ပန်းချီဆေးခြယ်နေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)
သြဂုတ် ၁ ရက်တွင် ပုဂံဒေသသို့လာရောက်ဘုရားဖူးမျှော်သူတစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)
မင်းနန်သူကျေးရွာ ရှိ လက်ပန်းချီ ခြယ်သည့် နေရာ တွင် လည်း လက်ပန်းချီ အဆွဲ ခံလျက်ရှိသူ တစ်ဦးစ နှစ်ဦး စသာရှိသည်။
မင်းနန်သူကျေးရွာရှိ လက်ပန်းချီဆွဲသူ ဦးအောင်က “အရင်နှစ်တွေ ကဆိုရင် ဒီအချိန် ကလူတွေ အုန်းအုန်းထ နေတာပေါ့။ အခုကတာ့ လူက ကျိုးတိုးကျဲတဲ ပဲ။ ဒါတောင် COVID-19 ရောဂါအပြီးမှာ ဒီအချိန် က လူအစည်ကားဆုံးအချိန်ပဲ။ မနှစ်ကဒီလိုအချိန် နဲ့ယှဉ်ရင် ပုဂံဧည့်အဝင်က တစ်ဝက်ကျော်မက လျော့တယ်’’ ဟုပြောသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် ကမ္ဘာလှည့်ခရီးသွားများ၊ ပြည်တွင်းခရီးသွားများဖြင့် စည်ကားသည့် နယ်မြေဖြစ်ပြီး ဒေသခံအများစုသည် ခရီးသွားလုပ်ငန်းမှ ဝင်ငွေရှာကြကြောင်း သိရသည်။
သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ပုဂံဌာနခွဲ ၊ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက် က “ပုဂံနဲ့ ပတ်သက်ပြီး COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီကနေ စည်းကမ်းချက်ကို မနေ့ကထုတ်တယ်။ ဂေါပကရှိတဲ့ ဘုရားကြီး ၁၇ ဆူ ကတော့ ဂူပါတဲ့၊လိုဏ်ပါတဲ့ ဘုရားတွေများတယ်။ အဲ့ဒီ့ဘုရားတွေက Social Distancing လုပ်လို့မရတဲ့ ဘုရားတွေဖြစ်တယ်။ဒါကြောင့်အဲ့ဒီ့ဘုရားတွေ ဖူးလို့မရဘူး။ ကျန်တဲ့ဘုရားတွေကတော့ COVID-19 ရောဂါကာကွယ်တာဆီးရေး ထုတ်ပြန်ချက်နဲ့ အညီ ဖူးလို့ရတယ်။ နှားခေါင်းစည်းတော့ လူတိုင်းတပ်ဖို့ လိုပါတယ်’’ ဟု ဆင်ဟွာကို သြဂုတ် ၁ ရက်တွင် ပြောသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ တွင် စေတီ နှင့် ပုထိုး ၂မျိုးရှိကြောင်း၊ ပုဂံကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သည့် အချိန် တွင် စေတီ၊ပုထိုးပေါင်း ၃,၈၃၇ ဆူ ရှိကြောင်း ဒေါက်တာသန်းထိုက်က ဆိုသည်။
“အခုလည်း ဘုရားဖူးတွေCOVID-19 ကာလဖြေလျှော့ပြီးတော့ အများကြီးရောက်တယ်။ စည်းမျဉ်းစည်းကမ်းနဲ့ အညီ ဘုရားတွေ ဖူးမျှော်လို့ရတယ်။ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီ ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ အညီ ဘုရားဖူးဖို့အကြံပြုချင်ပါတယ်’’ ဟု၎င်း ကဖြည့်စွက်ပြောကြားသည်။
လက်ရှိတွင် ပိတ်ထားသည့် ဘုရား ၁၇ ဆူအား မည်သည့်အချိန်တွင် ပြန်ဖွင့်မဖွင့်ဆိုသည်ကို COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ညွှန်ကြားချက် နှင့် အညီဆောင်ရွက်သွားမည်ဖြစ်ဖြစ်ကြောင်း ဒေါက်တာသန်းထိုက်က ဆိုသည်။ (Xinhua)