Connect with us

MYANMAR

COVID-19 ပထမလှိုင်း အကျပိုင်း ရောက်ရှိ ၊ လူနာသစ် သုံးရက်ဆက်တိုက် မတွေ့ရှိ

ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံအတွင်း နှာခေါင်းစည်း တပ်ဆင်သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ )

ရန်ကုန် ၊ ဩဂုတ် ၂ ရက်(ဆင်ဟွာ) 

မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများအရ ယခုအခါတွင် သုံးရက်ဆက်တိုက် လူနာသစ် ထပ်မံ မတွေ့ရှိရဘဲ COVID-19 ပထမလှိုင်း အကျပိုင်းသို့ ရောက်နေပြီ ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ယနေ့ ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် ဇူလိုင် ၂၉ ရက် အတွက် စစ်ဆေးမှုတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် နှစ်ဦး တွေ့ရှိခဲ့ရပြီးနောက် ဇူလိုင် ၃၀ မှ ဩဂုတ် ၁ ရက်ထိ သုံးရက်ဆက်တိုက် ဓာတ်ခွဲနမူနာ ၂၆၄၃ ခုအား စစ်ဆေးခဲ့ရာတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိခဲ့ရကြောင်း သိရသည်။ 

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက “ကျွန်တော်တို့က ပထမလှိုင်းရဲ့ အကျပိုင်းကို ရောက်နေပြီ ။ ပထမလှိုင်းက နိုင်ငံခြားက ဝင်ရောက်တဲ့သူတွေမှာသာ မတွေ့တော့ဘူး ဆိုရင် ပထမလှိုင်း ပြီးပြီလို့တောင် ပြောလို့ရတယ်။”ဟု ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။ 

ယခုအခါတွင် COVID-19 ရောဂါ ပြည်တွင်း ကူးစက်မှုသည် အလွန်နည်းသွားသည့် အနေအထား ဖြစ်သော်လည်း ပေါ့ဆ၍ မရဘဲ အထူးသတိထားရမည့် ရောဂါ ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

“ဒါက အရမ်းပေါ့လို့ မရဘဲနဲ့ အထူးသတိထားရမယ့် ရောဂါ ဖြစ်ပါတယ်။ နိုင်ငံတော်က ပြောထားတဲ့ အတိုင်း ပြည်သူက အဓိက ဖြစ်တယ်။ ပြည်သူတွေ လိုက်နာရင် လိုက်နာသလို ဒီရောဂါ အန္တရာယ်ဘေးကနေပြီးတော့ Quarantine တွေမှာ ကူညီတဲ့လုပ်ငန်းစဉ်တွေကနေပြီးတော့ လူတိုင်းက ကိုယ်ပိုင်အရေးကိစ္စလို လိုက်နာကြမှဘဲ ဒီရောဂါ အန္တရာယ်ဘေးက ကင်းဝေးမှာ ဖြစ်ပါတယ်။”ဟု ဒေါက်တာ သန်းနိုင်စိုးက ပြောကြားခဲ့သည်။ 

လက်ရှိတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုး ကင်းစင်လာသူ ၂၉၇ ဦးအနက် ၂၈၁ ဦးအား ဆေးရုံမှ ဆေးခွင့်ပြုခဲ့ပြီး သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက် ရှိကြောင်း သိရသည်။ 

“ကမ္ဘာ့အခြေအနေ ပြန်ကြည့်တော့လည်း တကယ့်ကို တရိပ်ရိပ် တက်နေတယ်ပေါ့နော်။ ပြည်တွင်းအခြေအနေက ကျတယ် ဆိုပေမယ့် ထိန်းထားနိုင်တဲ့ အကြောင်းရင်းတွေက နံပါတ် ၁ က Quarantine  ကာလ Quarantine ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ နိုင်ငံခြားက ပြန်ဝင်ရောက်လာသူတွေကို စနစ်တကျ Quarantine လုပ်နိုင်တယ်။ စစ်ဆေးနိုင်တယ်။ ပိုးတွေ့ရင် ခွဲခြားပြီး ကုနိုင်တယ်။ ဒုတိယ အချက်က COVID-19 စတင် ဖြစ်ပွားစဉ်ကာလက စပြီး တကယ့်ကို နိုင်ငံတော် အဆင့်ကနေပြီးတော့ ကျေးလက်ဒေသ အောက်ခြေအထိ အားလုံးသော ပုဂ္ဂိုလ်တွေ ပါဝင်ကြတယ်။ အလှူရှင်တွေ ၊ စေတနာရှင်တွေ ပါဝင်တယ်။ ငွေကြေးတက်နိုင်တဲ့သူက ငွေကြေး ၊ ပစ္စည်း တတ်နိုင်တဲ့သူက ပစ္စည်း ၊ လုပ်အား တတ်နိုင်တဲ့သူက လုပ်အားပေါ့။ အဲလိုမျိုး ဆောင်ရွက်ခဲ့လို့ ဒီအတိုင်းအတာကို ဖြစ်နေတာပေါ့နော်။”ဟု ဒေါက်တာ သန်းနိုင်စိုးက ရှင်းပြခဲ့သည်။ 

“ဒါမယ့် တစ်ဘက်က ပြန်ကြည့်ရင် နိုင်ငံတော်တော်များများမှာ တွေ့ရတဲ့ အတိုင်း ရောဂါ ဖြစ်ပွားမှု ကျတာနဲ့အမျှ အလေးအနက်ထားတာတို့ သတိပြုတာတို့က နည်းလာတာပေါ့။ အဲဒါတော့ ကျွန်တော်တို့ အတွက် သိပ်မကောင်းဘူး။ ဒီရောဂါက စိုးရိမ်စရာ ကောင်းတဲ့ အချက်က ကျွန်တော်တို့ဆီမှာ တွေ့နေတဲ့ ၆၀ ရာခိုင်နှုန်းလောက်က ရောဂါလက္ခဏာ မပြဘဲ ကူးစက်တဲ့သူတွေ ၊ ကူးစက်ခံထားရတဲ့သူတွေ။သူတို့ဆီကလည်း ပိုးပျံ့နိုင်တဲ့ အနေအထား ရှိတယ်။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ကမ္ဘာတစ်ဝန်းတွင် COVID-19 ကူးစက်ဖြစ်ပွားသေဆုံးမှုများ ဆက်လက် များပြားလျက် ရှိသောကြောင့် ပြည်သူများအနေဖြင့် ပေါ့ဆမှု(လုံးဝ)မရှိဘဲ တတ်နိုင်သမျှ လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ(လုံးဝ)မသွားကြရန် ၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်ကြရန် ၊ ဖြစ်နိုင်ပါက အနည်းဆုံး ၆ ပေအကွာမှသာ နေထိုင်ပြောဆိုဆက်ဆံကြရန် ၊ အပြင်ထွက်တိုင်း နှင့် လူစုလူဝေး ရှိသည့်နေရာများသို့ သွားသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask) ကို စနစ်တကျ မပျက်မကွက် တပ်ဆင်ကြရန် ၊ လက်တွင်ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန် အတွက် လက်ကို ဆပ်ပြာနှင့် ရေ အသုံးပြု၍ အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် ဆေးကြောကြရန် ပြောကြားထားသည်။ 

မြန်မာနိုင်ငံ၌ မတ် ၂၃ ရက်တွင် COVID-19 ရောဂါပိုး စတင် စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ယခုအခါတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ အရေအတွက် စုစုပေါင်း ၃၅၃ ဦး ရှိပြီး သေဆုံးသူ ၆ ဦး ရှိခဲ့ကြောင်း သိရသည်။ (Xinhua)