Connect with us

Economy

တရုတ်နိုင်ငံတွင် 5G အသုံးပြုသူပေါင်း သန်း ၈၀ ကျော်အထိ ရောက်ရှိလာ

တရုတ် နိုင်ငံ တွင် ကျင်းပ ပြုလုပ်သော ကုန်စည်ပြပွဲ တွင် 5G ဝန်ဆောင်မှု ပြခန်း ၌ ဧည့်သည်များ လာရောက်လေ့လာနေစဉ်(ဆင်ဟွာ)

နင်းပေါ ၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ တွင် 5G အသုံးပြုသူပေါင်း သန်း ၈၀ ကျော် အထိ ရောက်ရှိလာ ခဲ့ပြီး ဒီဂျစ်တယ် စီးပွားရေး လုပ်ငန်း အခြေခံက ပိုမိုခိုင်မာလာကြောင်း ကုန်ထုတ်လုပ်ငန်း နှင့် သတင်းအချက်အလက် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ဌာန အဆင့်၁ စောင်ကြည့်လေ့လာသူ လီရင် က ၂၀၂၀ ခုနှစ် ကမ္ဘာ့ဒီဂျစ်တယ် စီးပွားရေး ဖိုရမ် ဖွင့်ပွဲ တွင် ပြောကြား ခဲ့သည်။

၂၀၂၀ ခုနှစ် ကမ္ဘာ့ဒီဂျစ်တယ် စီးပွားရေး ဖိုရမ် နှင့် ၁၀ ကြိမ်မြောက် တရုတ် စမတ်စီးတီး နိုင်ငံတကာ ကုန်စည်ပြပွဲအား စက်တင်ဘာ ၁၁ ရက် ၌ နင်းပေါ မြို့ တွင် တရားဝင် စတင်ကျင်းပ ပြုလုပ်ခဲ့ပြီး ဧည့်သည်တော်များ က ဒီဂျစ်တယ် စီးပွားရေး ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု အလားအလာ နှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြသည်။

လီရင် က တရုတ် နိုင်ငံ ၏ ဒီဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု က အမြန်လမ်း ပေါ် သို့ ရောက်ရှိနေပြီး ခုန်ပျံကျော်လွှား၍ ဖွံ့ဖြိုးတိုးတက်ခြင်း ကို အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း ၊ စာရင်းပြုစုချက်အရ ၂၀၁၉ ခုနှစ် တွင် တရုတ် နိုင်ငံ ၏ ဒီဂျစ်တယ် စီးပွားရေး ပမာဏ က ယွမ်ငွေ ၃.၅၈ ထရီလီယံ အထိရောက် ရှိလာခဲ့ပြီး တရုတ် နိုင်ငံ GDP ၏ ၃၆.၂ ရာခိုင်နှုန်း ရှိကာ စီးပွားရေး အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလွန်အရေးပါကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ အမျိုးသား သတင်းအချက်အလက် စင်တာ ဒုတိယ ဌာနမှူး ကျန်းရွှယ်ရင် က အခမ်းအနား တွင် စမတ်စီးတီး တည်ဆောက်ရာတွင် 5G စသော ဒီဂျစ်တယ် နည်းပညာ နှင့် စီးပွားရေး လုပ်ငန်း တို့က နက်ရှိုင်းစွာ ပူးပေါင်းသွားရမည် ဖြစ်ကြောင်း ၊ စာရင်းအချက်အလက် နှင့် ကုန်ထုတ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်သည့် ပုံစံမျိုးဖြင့် ဒီဂျစ်တယ်နည်းပညာများကို တီထွင်ဆန်းသစ်မှု ပြုလုပ်ကာ ဒီဂျစ်တယ် စီးပွားရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ကျဲကျန်းပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ကောင်းရှင်းဖူး က ယခုနှစ် ဇွန်လကုန်ချိန်ထိ ကျဲကျန်းပြည်နယ် တွင် 5G တာဝါတိုင်ပေါင်း ၅၁,၀၀၀ ခု အား တည်ဆောက် နိုင်ခဲ့ပြီး နေရာပေါင်း ၁၄၀ ကျော် တွင် 5G အင်တာနက်လိုင်း ထုတ်လွှင့်မှု ကို ပြုလုပ်နိုင်ခဲ့ကာ တရုတ် နိုင်ငံ တွင် အများဆုံး ထုတ်လွှင့်နိုင်ခဲ့သည့် ပြည်နယ် များတွင် တစ်ခုအပါအဝင် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

၂၀၂၀ ခုနှစ် ကမ္ဘာ့ဒီဂျစ်တယ် စီးပွားရေး ဖိုရမ် နှင့် ၁၀ ကြိမ်မြောက် တရုတ် စမတ်စီးတီး နိုင်ငံတကာ ကုန်စည်ပြပွဲအား နင်းပေါမြို့ အစိုးရ အဖွဲ့ မှ ဦးစီးကျင်းပ ပြုလုပ် ခဲ့ခြင်း ဖြစ်ပြီး ကျဲကျန်းပြည်နယ် စီးပွားရေး နှင့် သတင်းအချက်အလက် ဌာန နှင့် အမျိုးသား သတင်းအချက်အလက် စင်တာ ၊ တရုတ် နိုင်ငံ ဒီဂျစ်တယ် သတင်းအချက်အလက် အဖွဲ့ချုပ် ၊ တရုတ် နိုင်ငံ ဆက်သွယ်ရေး ကုမ္ပဏီ ၊ တရုတ် နိုင်ငံ မိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီ ၊ တရုတ် နိုင်ငံ အင်တာနက် ဆက်သွယ်ရေး ကုမ္ပဏီ နှင့် တရုတ် နိုင်ငံ ဒီဂျစ်တယ် နည်းပညာ အဖွဲ့ တို့က ပူးတွဲ ဦးစီး ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။  (Xinhua)