Asia
အကြမ်းဖက်မှုများ ပေါ်ပေါက်လာနိုင်သဖြင့် သတိရှိကြရန် အိန္ဒိယနိုင်ငံရောက် အမေရိကန်နိုင်ငံသားများကို တပ်လှန့်ထား
နယူးဒေလီ ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ)
အိန္ဒိယနိုင်ငံသည် အိုင်အက်စ်အကြမ်းဖက်သမားများ၏ ပစ်မှတ်ဖြစ်လာနေကြောင်း သတင်းဖော်ပြမှုများထွက်ပေါ်လာပြီးနောက် အိန္ဒိယနိုင်ငံရောက် အမေရိကန်နိုင်ငံသားများအနေဖြင့် လုံခြုံရေးအသိ နှင့် သတိပြုနေထိုင်ကြရန် နယူးဒေလီမြို့ရှိ အိန္ဒိယနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက နိုဝင်ဘာလ ၂ ရက်တွင် သတိပေးချက်ထုတ်ပြန်လိုက်သည်။
“ မကြာသေးခင်က အိန္ဒိယသတင်းဌာနတွေမှာ အိုင်အက်စ် အကြမ်းဖက်သမားတွေဟာ အိန္ဒိယနိုင်ငံကို ပစ်မှတ်ထားတိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ ဖော်ပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံထဲမှာ အနောက်တိုင်းသားတွေ အသွားအလာများတဲ့နေရာတွေ ၊ ဘာသာရေးအဆောက်အအုံတွေ ၊ ဈေးတွေ နဲ့ပွဲလမ်းသဘင်နေရာတွေကို အမေရိကန်နိုင်ငံသားတွေအနေနဲ့သတိထားသွားလာကြဖို့ အမေရိကန်သံရုံးက သတိပေးပါတယ်” ဟု အမေရိကန်သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“၂၀၁၆ ခုနှစ် စက်တင်ဘာ ၉ ရက်က တစ်ကမ္ဘာလုံးမှာရှိတဲ့ အမေရိကန်သံရုံးတွေကို လုံခြုံရေးသတိ တိုးမြှင့် လုပ်ဆောင်ထားကြဖို့တပ်လှန့်ထားခဲ့သလို အမေရိကန်နိုင်ငံသားအားလုံးဟာ အမြင့်ဆုံးတပ်လှန့်မှု အနေအထား ပုံစံနဲ့ဆက်ပြီးနေထိုင်သွားကြရပါမယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံတွင် အိုင်အက်စ်နှင့်ဆက်နွယ်နေသောမည်သည့်အကြမ်းဖက်မှုမျိုးမှ ဖြစ်ပေါ်ခဲ့ခြင်းမရှိသေးသော်လည်း အဆိုပါအကြမ်းဖက်အဖွဲ့သည် အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများတွင် အခြေချပြီး အိန္ဒိယနိုင်ငံကို တိုက်ခိုက်မှုများ ပြုလုပ်သွားရန် ရှင်းရှင်းလင်းလင်းကြံရွယ်ထားကြောင်း သိရသည်။
ထို့ပြင် အိန္ဒိယနိုင်ငံသား ဒါဇင်ပေါင်းများစွာ ( အထူးသဖြင့် Maharashtra ပြည်နယ် နှင့် Kerala ပြည်နယ် မှ အိန္ဒိယနိုင်ငံသားများ ) သည် အီရတ်နိုင်ငံ နှင့် ဆီးရီးယားနိုင်ငံသို့သွားရောက်ပြီး အကြမ်းဖက်အဖွဲ့များနှင့် ပူပေါင်းခဲ့ကြကြောင်း နှင့် ၎င်းတို့အနက် အများစုသည် အိန္ဒိယနိုင်ငံသို့ပြန်မရောက်မီမှာပင် အဖမ်းခံခဲ့ရကြောင်း သိရသည်။(Xinhua)