Local
စက်မှုလယ်ယာကဏ္ဍအဖြစ် အဆင့်မြှင့်တင်ရန် ကျပ် ရှစ်ဘီလီယံခန့် သုံးစွဲမည်
ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး၌ လယ်ယာကဏ္ဍကို စက်မှုလယ်ယာ ကဏ္ဍအဖြစ် အဆင့်မြှင့်တင်ရန် ကျပ် ရှစ်ဘီလီယံခန့် သုံးစွဲမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁၇ ရက်နေ့က ကုန်သည်/စက်မှု အသင်းချုပ်၌ ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ယင်းဆွေးနွေးပွဲတွင် စပါးသီးနှံ စိုက်ပျိုး ထုတ်လုပ်ရေးကဏ္ဍ၊ ပဲမျိုးစုံသီးနှံ စိုက်ပျိုးထုတ်လုပ်ရေး ကဏ္ဍနှင့် ဆီထွက်သီးနှံ ကဏ္ဍတို့၏ အခက်အခဲများအပေါ် အခြေခံ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးကဏ္ဍအတွက် Master Plan တစ်ခု ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ် မတ်လမတိုင်မီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှု ပြဿနာများအတွက် ကျပ် ခုနစ်ဘီလီယံခန့် သုံးစွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဆိုသည်။
“သုံးနှစ် အတွင်းမှာ ဆောင်ရွက်ရမယ့် Master Plan တစ်ခု ရေးဆွဲဖို့အတွက် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပတာ ဖြစ်တယ်”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ကုန်သည်စက်မှုအသင်းချုပ်၌ ဇန်နဝါရီလ ၁၇ နှင့် ၁၈ နှစ်ရက်ဆက်တိုက်ပြုလုပ်လျက်ရှိပြီး ဆွေးနွေးချက်များကို အခြေခံ၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ တိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး Master Plan အားရေးဆွဲသွားမည်ဖြစ်ပါသည်။ (Xinhua)