Connect with us

Videos

ကန်ဒေါ်လာ ၁ ဒသမ ၃ သန်းခန့်တန်သော တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ မီးရှို့ဖျက်ဆီး

နေပြည်တော်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

တောရိုင်းတိရစ္ဆာန်များကို တရားမဝင် ဖမ်းဆီး သတ်ဖြတ်ခြင်းအား ဥပဒေအရ ထိရောက်စွာ အရေးယူ တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့စဉ် ဖမ်းဆီးရမိခဲ့သည့် ဆင်စွယ်၊ ဆင်အစိတ်အပိုင်းများနှင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများအနက် အချို့ အား မီးရှို့ဖျက်ဆီးခြင်းကို နေပြည်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ယာဉ်ရပ်နားစခန်းတွင် ယနေ့နံနက် ပြုလုပ်ခဲ့ရာ စုစုပေါင်းခန့်မှန်း တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းခန့်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ဆင်စွယ် ၂၇၇ ချောင်း၊ ဆင်အရိုးနှင့် တိရစ္ဆာန်အရိုးမျိုးစုံ ၂၂၇ ချောင်း၊ တိရစ္ဆာန် သားရေမျိုးစုံ ၄၅ ချပ်၊ ဦးချို မျိုးစုံ ၁၅၄၄ ချောင်း၊ သင်းခွေချပ် အကြေးခွံ ၄၅ ဒသမ ၅ ကီလိုဂရမ်နှင့် အခြား တောရိုင်း တိရစ္ဆာန် အစိတ်အပိုင်းမျိုးစုံ ၁၂၈ ခု၊ စုစုပေါင်း အလေးချိန် ၈၄၉ ဒသမ၂၆ ကီလိုဂရမ်အား မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

တောရိုင်း တိရစ္ဆာန် နှင့် သစ်ပင်ပန်းမန်များ၊ ယင်းတို့၏ အစိတ်အပိုင်းများ တရားမဝင် ကူးသန်းရောင်းဝယ်မှုကို ထိရောက်စွာ တားဆီးနှိမ်နင်းရေး လုပ်ငန်းစဉ်ကို ပြည်သူတို့ ပိုမို သိရှိလာစေရန်၊ ထိုတရားမဝင် လုပ်ငန်းများနှင့် ပတ်သက်သည့် ပြည်တွင်းဈေးကွက်များ ပိတ်သိမ်းခြင်း၊ အရေးယူဆောင်ရွက်ခြင်းတို့အတွက် အသိပေး ကြေညာနိုင်ရန်၊ မြန်မာနိုင်ငံ၏ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်နေခြင်းကို နိုင်ငံတကာမှ သိရှိလာပြီး ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်လာစေရန် ရည်ရွယ်၍ မီးရှို့ဖျက်ဆီးရခြင်းတို့ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ယနေ့ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားတွင် ရှင်းလင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.