Connect with us

Videos

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ၏ မြန်မာ နိုင်ငံ ခရီးစဉ် အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၊ ဒုတိယ သမ္မတ နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့အား သီးခြားစီတွေ့ဆုံ

ရန်ကုန် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ မစ္စတာ ရွှီချီလျန် (Mr. Xu Qiliang ) သည် မြန်မာ နိုင်ငံ သို့ လာရောက်သည့် ခရီးစဉ် အတွင်း မြန်မာနိုင်ငံအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် သီးခြားစီ တွေ့ဆုံ ခဲ့သည်။

မစ္စတာ ရွှီချီလျန် သည် စက်တင်ဘာ ၉ ရက်နေ့တွင် မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံရာတွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဖော်ဆောင်ခဲ့သည့် ခေတ်သစ်ပိုးလမ်းမကြီး(Belt and Road Initiative) နှင့် လူသားအားလုံး ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရေး ၊ မြန်မာ နိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေး ၊ မြန်မာ နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး လမ်းညွှန်ဆောင်ရွက်မှု တို့တွင် မြန်မာ အစိုးရ နှင့် တူညီသော သဘောထား အမြင်များ ရှိကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဆက်လက်၍ မြန်မာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍတွင် ပါဝင်သွားမည် ဖြစ်ပြီး မြန်မာ နိုင်ငံ နှင့် အတူတကွ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်း သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှလည်း မြန်မာ-တရုတ် နှစ်နိုင်ငံ ပြည်သူလူထု တို့၌ သမိုင်းကြောင်း ရှည်လျားသည့် ချစ်ကြည်ဆက်ဆံရေး တည်ရှိကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ၏ မြန်မာ နိုင်ငံ အပေါ် ကာလတစ်လျှောက် ကူညီထောက်ပံ့မှု များကို ကျေးဇူးတင်ရှိကြောင်း ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ပူးပေါင်းဆောင်ရွက်မှု များ အဆက်မပြတ် တိုးတက်ဖွံ့ဖြိုးရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

မစ္စတာ ရွှီချီလျန် သည် စက်တင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့်တွေ့ဆုံရာတွင် တရုတ်တပ်မတော်သည် မြန်မာနိုင်ငံနှင့်အတူ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ သဘောတူညီချက်ကို အကောင်အထည်ဖော်ကာ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ဆက်ဆံမှုများကို မြှင့်တင်ပြီး နှစ်နိုင်ငံဆက်ဆံရေးဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံ ဒုတိယ သမ္မတ ဦးမြင့်ဆွေ မှလည်း မြန်မာ-တရုတ် နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုကိုထိန်းသိမ်းရေးအား တရုတ်နိုင်ငံ နှင့်အတူ ကြိုးပမ်းထိန်းသိမ်းရန် ဆန္ဒရှိပါကြောင်း၊ တရုတ်နိုင်ငံမှ အင်တိုက်အားတိုက် ဆက်လက် အားပေးထောက်ခံ စေလိုပါကြောင်း ပြောကြားခဲ့သည်။
မစ္စတာ ရွှီချီလျန် သည် စက်တင်ဘာ ၆ ရက်နေ့ တွင် မြန်မာနိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံရာ နယ်ပယ် အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ကာ တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး၏ အနှစ်သာရကို ပြည့်ဝစေလိုကြောင်း ၊ မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်သည် ငြိမ်းချမ်းစွာဆက်လက်ဆွေးနွေးခြင်းဖြင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဆောလျင်စွာအကောင်အထည်ဖော်ခြင်းကို တရုတ်နိုင်ငံမှ အားပေးကြောင်း ပြောကြားခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှ လည်းမြန်မာ့တပ်မတော်မှ တရုတ်တပ်မတော် ၏ ကာလတလျှောက် ထောက်ခံအားပေးမှုနှင့် ကူညီမှုများကို ကျေးဇူးတင်ရှိကြောင်း၊ နှစ်နိုင်ငံတပ်မတော် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး တိုးတက်ခိုင်မာစေလိုပြီး ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ကာ နယ်စပ်လုံခြုံရေးနှင့်တည်ငြိမ်ရေးကို တိုးမြှင့်စေလိုကြောင်း ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တွေ့ဆုံဆွေးနွေးပွဲမစတင်မီ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မစ္စတာ ရွှီချီလျန် ဦးဆောင်သောချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုကာ ဂုဏ်ပြုတပ်ဖွဲ့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.