Connect with us

Videos

မြန်မာ နှင့် တရုတ် နှစ်နိုင်ငံ ပထမဦးဆုံး ပူးပေါင်း၍ “ပုဂံရတနာသိုက်” ရုပ်ရှင် ရိုက်ကူးမည်

ရန်ကုန် ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ)

မြန်မာ နှင့် တရုတ် နှစ်နိုင်ငံ ပထမဦးဆုံး ပူးပေါင်း ရိုက်ကူးမည့် ပုဂံ ရတနာသိုက် ရုပ်ရှင် အကြောင်း စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနားအား ယနေ့တွင် ရန်ကုန်မြို့ရှိ တရုတ် ယဉ်ကျေးမှု စင်တာ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ခံ လီရှောင်ယန် (Li Xiaoyan)က ယခုကျင်းပသည့် ရုပ်ရှင် သတင်းစာ ရှင်းလင်းပွဲ က တရုတ်-မြန်မာနှစ်နိုင်ငံ ယဉ်ကျေးမှုဌာန ၊ ရုပ်မြင်သံကြားဌာနများ နှင့် ရုပ်ရှင်လုပ်ငန်း၏ တွန်းအားပေး ဆောင်ရွက်သည့် ရလဒ်ဖြစ်ကြောင်း ၊ ပုဂံရတနာသိုက် ရုပ်ရှင်သည် တရုတ်-မြန်မာနှစ်နိုင်ငံ ကုမ္ပဏီလေးခု အတူ လက်တွဲကာ မြန်မာနိုင်ငံတွင် ရိုက်ကူးသွားမည်ဖြစ်ပြီး တရုတ် နိုင်ငံနှင့် တစ်ကမ္ဘာလုံးကို မိတ်ဆက် ပြသ သွားမည် ဖြစ်ရာ မြန်မာခရီးသွားလုပ်ငန်းနှင့်ရင်းနှီးမြုပ်နှံမှု ဖွံ့ဖြိုးရေးအတွက် တွန်းအားဖြစ်စေမည်ကြောင်း ပြောကြားခဲ့သည်။

ပြန်ကြားရေး ဝန်ကြီးဌာန ၊ မြန်မာ့ ရုပ်ရှင် မြှင့်တင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က ယခုကဲ့သို့ရုပ်ရှင် ဇာတ်ကား ပူးပေါင်း ရိုက်ကူးခြင်း အားဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး အပြင် ပြည်သူ အချင်းချင်း ချစ်ကြည် ရင်းနှီးမှု အတိုင်းအတာများအား ပိုမို ကောင်းမွန် လာမည်ဟု မျှော်လင့်ကြောင်း ၊ ထို့အပြင် နိုင်ငံတကာမှ ရိုက်ကူးရေးများ ပိုမို ရောက်ရှိလာရန် ရည်ရွယ် ဆောင်ရွက်လျက် ရှိကြောင်း ရုပ်ရှင် အကြောင်း စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

ရန်ကုန် တရုတ်ယဉ်ကျေးမှု စင်တာ တာဝန်ခံ ဖြစ်သူ ဒေါက်တာ ဒေါ်ယဉ်ယဉ်မေ(Ms.Shi Ying) ကလည်း ပုဂံ ရတနာသိုက် ရုပ်ရှင် အကြောင်းအရာများ နှင့် စပ်လျဉ်း၍လည်း အခမ်းအနားတွင် ရှင်းလင်း ပြောကြားခဲ့သည်။

ပုဂံ ရတနာသိုက် ရုပ်ရှင်ဇာတ်လမ်းအကျဉ်းမှာ တရုတ်လူငယ်တစ်ဦး မြန်မာနိုင်ငံ၌ ရတနာသိုက် များ လာရောက် ရှာဖွေချိန်တွင် မြန်မာနှင့်တရုတ်လူငယ်များ အတူတကွရင်ဆိုင်ရသည့် ဟာသဇာတ် ၊ စိတ်လှုပ်ရှားရသည့် အတွေ့ အကြုံ များကို ရိုက်ကူးထားခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းစီစဉ်သော ရုပ်ရှင်ဇာတ်ကားကို နှစ်နိုင်ငံသရုပ်ဆောင်များအတူ ရိုက်ကူး သွားမည် ဖြစ်ပြီး တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံနှင့် အခြားအရှေ့တောင် အာရှနိုင်ငံနှင့်ဒေသများတွင် ရုံတင် ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.