Connect with us

Videos

မြန်မာနိုင်ငံ၌ COVID-19 အတည်ပြုလူနာပေါင်း ၁၀၀,၀၀၀ ကျော်ထိ ရှိလာ (ရုပ်သံ)

ရန်ကုန် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်၊ ရုပ်သံတည်းဖြတ်/စုဝင့်၊ ရိုက်ကူး / ဝေယံ

မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားမှု ၈ လကျော် ကြာမြင့်လာချိန်တွင် အတည်ပြုလူနာ စုစုပေါင်း ၁၀၀,၀၀၀ ကျော်ထိ ရှိလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ နောက်ဆုံး ထုတ်ပြန်သော ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။

ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ၁,၂၇၆ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး စုစုပေါင်း အတည်ပြုလူနာ ၁၀၀,၄၃၁ ဦးအထိ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

COVID-19 အတည်ပြုလူနာများအနက် လွန်ခဲ့သော ၂၄ နာရီအတွင်း သေဆုံးလူနာ ၂၂ ဦး ရှိကာ စုစုပေါင်း သေဆုံးသူ ၂,၁၃၂ ဦး အထိ ရှိလာခဲ့သည်။

အဆိုပါ COVID-19 အတည်ပြုလူနာများအနက် ယခုအထိ ဆေးရုံဆင်းခွင့် ရရှိသူ လူနာပေါင်း ၇၉,၂၄၀ ဦး ရှိပြီး လွန်ခဲ့သော ၂၄ နာရီအတွင်း ၁,၆၀၄ ဦး ဆေးရုံဆင်းခွင့်ရ ခဲ့ကြောင်း သိရသည်။

ပြည်သူတစ်ဦးချင်းစီမှလည်း COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် တာဝန်သိစွာဖြင့် ပူးပေါင်းပါဝင်လိုက်နာဆောင်ရွက်ကြရန် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက တိုက်တွန်းထားသည်။

လက်ရှိတွင် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်ကို ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုအနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်၌ အထူးပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြရန် လွန်စွာအရေးကြီးကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.