Connect with us

Videos

တရုတ်နိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး သန့်စင်စွမ်းအင် စင်္ကြံတည်ဆောက်ထား

ချိန်တူး၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယန်ဇီမြစ်ညာ၌ တည်ရှိသော စက်တပ်ဆင်မှုစွမ်းရည် ကမ္ဘာ့ဒုတိယအကြီးဆုံးဖြစ်သည့် ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ်စက်ရုံသည် ဒီဇင်ဘာ ၂၀ ရက်တွင် လျှပ်စစ်ဓါတ်အား အပြည့်အဝ ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း China Three Gorges Corporation၏ ပြောကြားချက်များအရ သိရသည်။စက်ရုံလည်ပတ်နိုင်မှုသည် ယန်ဇီမြစ်ပေါ်ရှိ ဧရာမ ရေအားလျှပ်စစ်စက်ရုံ ၆ ခုက အနောက်အရပ်ရှိ ကြွယ်ဝသောလျှပ်စစ်ဓါတ်အားများကို စွမ်းအင်သုံးစွဲသော အရှေ့အရပ်နေရာများသို့ ပို့ဆောင်သည့် ကမ္ဘာ့အကြီးဆုံး သန့်စင်စွမ်းအင်စင်္ကြံတည်ဆောက်ပြီးစီးသော အမှတ်သင်္ကေတ ဖြစ်သည်။

ပိုင်ဟဲ့ထန်းစက်ရုံ၏ ရေအားလျှပ်စစ်ထုတ်လွှတ်သော ယူနစ် ၁၆ ခုအနက် နောက်ဆုံး ယူနစ်၏ ၇၂ နာရီကြာ စမ်းသပ်လည်ပတ်မှုသည် ဒီဇင်ဘာ ၂၀ ရက်တွင် ပြီးဆုံးခဲ့ပြီးနောက်ပိုင်း လျှပ်စစ်ဓါတ်အား အပြည့်အဝ ထုတ်လုပ် ခဲ့ခြင်းဖြစ်သည်။ ပိုင်ဟဲ့ထန်း၏စုစုပေါင်းစက်တပ်ဆင်မှုစွမ်းရည် ကီလိုဝပ် ၁၆ သန်း ရှိရာ တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်ရှိ မြစ်ကျဉ်းသုံးသွယ်ရေကာတာ စီမံကိန်းပြီးလျှင် ဒုတိယအကြီးဆုံး ဖြစ်ကြောင်း သိရသည် ။

“ပိုင်ဟဲ့ထန်းက တရုတ်နိုင်ငံရဲ့ အဆင့်မြင့်စက်ပစ္စည်း ထုတ်လုပ်မှုရဲ့ ကြီးမားတဲ့ ပြောင်းအလဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာပါရှိတဲ့ စက်ပစ္စည်း ယူနစ် ၁၆ ခု စလုံးက ပြည်တွင်းထုတ် စက်အုပ်စုတွေပါပဲ။ ယူနစ်တစ်ခုစီရဲ့ စွမ်းရည်က ကီလိုဝပ် ၁ သန်းရှိပါတယ်။ ယူနစ်တစ်ခုချင်းစီအတွက်ဆိုရင် ကမ္ဘာမှာ အကြီးဆုံးပါပဲ ”ဟု China Three Gorges Corporation၏ ဥက္ကဋ္ဌ လိန်မင်ဆန်းက ဆိုသည်။
ပိုင်ဟဲ့ထန်း ဘက်စုံလည်ပတ်နိုင်ခြင်းက တရုတ်နိုင်ငံ၏ စွမ်းအင်ဖွဲ့စည်းပုံကို အချိုးအကွေ့ဖြစ်စေသကဲ့သို့ ယန်ဇီမြစ် စီးပွားရေးရပ်ဝန်းတည်ဆောက်ရေး၊ ဒေသစီးပွားရေး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိပ္ပါယ်လေးနက်စေကြောင်း လိန်မင်ဆန်းက ဖြည့်စွက်ပြောကြားခဲ့သည် ။

ယန်ဇီမြစ်ပေါ်ရှိ ရေအားလျှပ်စစ်စက်ရုံ ၆ ခု လည်ပတ်ခြင်းက နှစ်စဉ် လျှပ်စစ်ဓါတ်အား ကီလိဝပ်နာရီ ၃၀၀ ဘီလီယံ ထုတ်လွှတ်နိုင်မည်ဟု ခန့်မှန်းရကာ ကျောက်မီးသွေးသုံးစွဲမှု တန်ချိန် ၉၀ သန်း လျှော့ချနိုင်မည် ဖြစ်ပြီး ကာဗွန်ထုတ်လုပ်မှု တန်ချိန် ၂၄၈ သန်း လျော့နည်းသွားမည် ဖြစ်ကြောင်း သိရသည် ။

၎င်းတို့အနက် ဝူတုန်းတယ်၊ ပိုင်ဟဲ့ထန်း၊ ရှီးလော့သု နှင့် ရှန့်ကျားပါ့ တို့သည် ယန်ဇီမြစ်ညာ ၊ ကျင်းဆားမြစ်ပေါ်တွင် တည်ရှိပြီး မြစ်ကျဉ်းသုံးသွယ်ရေကာတာနှင့် ကဲကျိုးပါ့တို့သည် ယန်ဇီမြစ်အလယ်ပိုင်းတွင် တည်ရှိသည်။

အဆိုပါရေအားလျှပ်စစ်စက်ရုံများက ၁၈၀၀ ကီလိုမီတာ အရှည်ရှိသော သန့်စင်စွမ်းအင် စင်္ကြံ ဖြစ်လာပြီး ယန်ဇီမြစ်ဝှမ်း ရေကြီးရေလျှံမှုအား ထိန်းသိမ်းရေး၊ ရေကြောင်းသွားလာရေး၊ ရေအရင်းအမြစ် အသုံးချရေးနှင့် ‌ဂေဟပတ်ဝန်းကျင်လုံခြုံရေး ကဏ္ဍများတွင် အရေးကြီး အခန်းကဏ္ဍမှ ပါဝင်ကြောင်း သိရသည် ။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117