Connect with us

Politics & Security

အာဆီယံ ကင်းလွတ်ခွင့် နှင့် အခွင့်အရေး စာချုပ် မြန်မာ လက်မှတ်ထိုးရန် လွှတ်တော် သဘောတူ

ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၆ ရက် (ဆင်ဟွာ)

အာဆီယံ အတွင်းရေးမှူးချုပ်နှင့် အတွင်းရေမှူးချုပ်ရုံး ဝန်ထမ်းများ၊ အမြဲတမ်း ကိုယ်စားလှယ် များ၊ အာဆီယံအတွက် တာဝန်ထမ်းဆောင်သူ အရာရှိများ၊ ကျွမ်းကျင် ပညာရှင်များ၊ အဖွဲ့ဝင် နိုင်ငံများမှ အရာထမ်းများ အတွက် ကင်းလွတ်ခွင့်နှင့် အခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ်ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးရန် ပြည်ထောင်စု လွှတ်တော်က ယနေ့သဘောတူ အတည်ပြု ခဲ့သည်။

ထိုစာချုပ်အရ အာဆီယံအဖွဲ့၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရသည့် အရာရှိ အရာခံများ၊ ဝန်ထမ်းများ စသူတို့အား အဖွဲ့ ဝင်နိုင်ငံများက ၎င်းတို့၏ ရာထူး တာဝန်နှင့်အညီ သင့်လျော်သည့် အနေအထားဖြင့် ကောင်းမွန်စွာ ဆက်ဆံရမည် ဖြစ်ပြီး ထိုအခွင့်အရေးကို အခြားနိုင်ငံရှိ အာဆီယံ ဝန်ထမ်းများ နည်းတူ ရရှိကြမည်ဟုလည်း ထိုစာချုပ်တွင် မြန်မာနိုင်ငံက လက်မှတ် ထိုးရေးအား ထောက်ခံ ဆွေးနွေးသူ ကိုယ်စားလှယ်များက လွှတ်တော်သို့ပြောသည်။
ထောက်ခံဆွေးနွေးသူ သုံးဦးအနက် တစ်ဦးဖြစ်သည့် ပဲခူး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ရွှေပုံက “အာဆီယံ အတွင်းရေးမှူးချုပ်က စပြီး အမြဲတမ်း ကိုယ်စား လှယ်များ၊ အရာရှိများ၊ အရာထမ်းများ၊ ကျွမ်းကျင် ပညာရှင်များနဲ့အာဆီယံ ဝန်ထမ်းအားလုံးဟာ မိမိ အဆင့်အတန်းကို လိုက်ပြီး ရရှိမယ့် အခွင့်အရေးများကို တခြားနိုင်ငံမှ အာဆီယံဝန်ထမ်းများ နည်းတူ ရရှိမှာ ဖြစ်ပါတယ်။ လုံခြုံမှုနဲ့အကာအကွယ်များကိုလည်း ရရှိမှာ ဖြစ်ပါတယ်” ဟု စာချုပ် အခွင့်အရေးများကို လွှတ်တော်သို့ တင်ပြခဲ့သည်။
ထို့အပြင် ၎င်းက “ NLD ပါတီရဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာလည်း နိုင်ငံ အချင်းချင်း အကျိုးတူ စီးပွားရေး လုပ်ငန်းများ ဖော်ထုတ်၍ ပူးပေါင်း လက်တွဲ ဆောင်ရွက်ရန်လို့ဖော်ပြထားပါတယ်” ဟု အာဆီယံ အဖွဲ့၏ ရည်ရွယ်ချက် ရည်မှန်းချက်များနှင့် နှိုင်းယှဉ် ပြောကြားပြီး အာဆီယံ လုပ်ငန်းများကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်စေသည့် ထိုစာချုပ်အား မြန်မာနိုင်ငံက လက်မှတ ရေးထိုးသင့်ကြောင်း ထောက်ခံ ဆွေးနွေးခဲ့သည်။
ထိုစာချုပ် အသက်မဝင်မီကမူ အာဆီယံ ဝန်ထမ်းများသာမက အာဆီယံအဖွဲ့ အတွင်းရေးမှူးချုပ်သည်ပင်လျှင် အဖွဲ့ဝင်နိုင်ငံများသို့တာဝန်ဖြင့် သွားသည့်အခါ ရသင့်ရထိုက်သည့် ဆက်ဆံမှုများ မရရှိသေးကြောင်း ကောလင်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဇော်လင်းက ပြောသည်။
“နိုင်ငံတကာ ပညာရှင်များနဲ့အာဆီယံအဖွဲ့တိုးတက်ရေး ဆွေးနွေးရာမှာ အာဆီယံ အတွင်းရေး မှူးချုပ်ကို သင့်တော်တဲ့ အနေအထားနဲ့ ကောင်းမွန်စွာ ဆက်ဆံခြင်း မခံရဘူးလို့ သိရပါတယ်။ တကယ်ဆိုရင် အာဆီယံအဖွဲ့ဟာ အဖွဲ့ဝင် လူဦးရေ သန်း ၆၀၀ နီးပါး ရှိလို့ကမ္ဘာမှာ တတိယ အင်အား အကြီးမားဆုံး အဖွဲ့အစည်း ဖြစ်လာပါပြီ။ အဖွဲ့ဝင် နိုင်ငံတွေကို သွားတဲ့အခါ နယ်နိမိတ်တွေမှာ သက်ဆိုင်ရာ အာဆီယံ အရာရှိများရဲ့ အိတ်တွေ ပစ္စည်းတွေကို ရှာဖွေတာကလည်း မဖြစ်သင့်တဲ့ကိစ္စပါ။ အခု ကင်းလွတ်ခွင့်နဲ့အခွင့်အရေးဟာ အာဆီယံ ဖြစ်တည်မှုရဲ့ အစိတ်အပိုင်း တစ်ရပ် ဖြစ်လို့၊ အာဆီယံရဲ့ဂုဏ် အဖွဲ့ဝင်နိုင်ငံများရဲ့ ဂုဏ်ကို မြှင့်တင်စေတဲ့ စာချုပ်လည်း ဖြစ်လို့ ဒီစာချုပ်ကို အတည်ပြုပေးဖို့လိုပါတယ်” ဟု သူက ထောက်ပြ ဆွေးနွေးခဲ့သည်။
ထောက်ခံသူ နောက်တစ်ဦးဖြစ်သည့် ရွှေကူ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇာနည်မင်းကမူ “စာချုပ်ပါ အခွင့်အရေးများနဲ့လျော်ညီစွာ ရောက်ရှိရာ နိုင်ငံရဲ့ ဥပဒေများနဲ့အညီ ဆောင်ရွက်ဖို့၊ အဲဒီ ကင်းလွတ်ခွင့်နဲ့အခွင့်အရေးတွေကို အလွဲသုံးမှုမှ ကာကွယ်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ဖို့ဆိုတာတွေ ပါဝင်ပြီး ဖြစ်လို့ လက်မှတ်ထိုးသင့်ပါ တယ်” ဟု ထောက်ခံ ဆွေးနွေးခဲ့သည်။
စာချုပ်ပါ အခွင့်အရေးအား အလွဲသုံးမှု မရှိရေးနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင် ဖြစ်သည့် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်တင်က “ဒီအခွင့်အရေးတွေ ကင်းလွတ်ခွင့်တွေက အာဆီယံ ဝန်ထမ်းတွေ တာဝန် ထမ်းဆောင်ရာမှာ အထောက်အကူ ပြုစေဖို့ပံ့ပိုးပေးထားခြင်းသာ ဖြစ်ပါတယ်။ ဒါကို ကိုယ်ကျိုးအတွက် အသုံးမပြုနိုင်အောင်၊ ကိုယ်ကျိုးအတွက် သုံးမိရင် ပြန်လည် ရုပ်သိမ်းနိုင်အောင်လည်း စာချုပ်မှာ ကန့်သတ် ချက် တွေ ပါဝင်ပါတယ်” ဟု လွှတ်တော်သို့ ရှင်းပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.