Connect with us

Politics & Security

အာဆီယံ စွမ်းအင်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး နေပြည်တော်တွင် ကျင်းပမည်

(၃၃) ကြိမ်မြောက် အာဆီယံ စွမ်းအင် ဝန်ကြီးများ အစည်းအဝေးကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပနေစဉ် (ဓာတ်ပုံ- အင်တာနက်)

နေပြည်တော်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

(၃၄) ကြိမ်မြောက် အာဆီယံ စွမ်းအင် ဝန်ကြီးများ အစည်းအဝေး၏ ဆက်စပ် အစည်းအဝေး ဖြစ်သည့် အာဆီယံ စွမ်းအင်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို နေပြည်တော်၊ မင်္ဂလာသီရိ ဟိုတယ်တွင် ဇူလိုင်လ ၁၂ ရက်မှ ၁၅ ရက် အထိ ကျင်းပမည်ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပရသည့် ထိုအစည်းအဝေးတွင် အာဆီယံ ဖြတ်ကျော် ဓာတ်ငွေ့ပိုက်လိုင်းနှင့် လူထု အကျိုးပြု မြို့ပြသုံး နျူကလီးယား စွမ်းအင်ကိစ္စများ အပါအဝင် စွမ်းအင်ကဏ္ဍ ခုနစ်ခုတို့ကို ဆွေးနွေးကြမည် ဆို၏။
“အာဆီယံဒေသတွင်း စွမ်းအင်ဖွံ့ဖြိုး တိုးတက်ရေး အတွက် နှစ်ရှည် စီမံကိန်းတွေ ချထားတာ ရှိပါတယ်။ ၂၀၁၆ ကနေ ၂၀၂၅ အထိ ရေရှည် စီမံကိန်းမှာ ကဏ္ဍ ခုနစ်ရပ်နဲ့ဆောင်ရွက်နေပါတယ်။ ပထမ ကဏ္ဍက Asean power bank ပါ။ နောက်တစ်ခုက Cross Asean Gas pipe-line နိုင်ငံ ဖြတ်ကျော် ဂက်စ် ပိုက်လိုင်းနဲ့ ပတ်သက်တာ၊ နောက် ကျောက်မီးသွေး နည်းနဲ့ စွမ်းအင်ထုတ်တဲ့ အကြောင်းအရာတွေ၊ စွမ်းအင် ခြိုးခြံ ချွေတာရေးတွေ၊ renewable energy ခေါ်တဲ့ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်တွေ၊ ဒေသတွင်းဆိုင်ရာ မူဝါဒတွေ စီမံကိန်းတွေ ချမှတ်ဖို့တွေ၊ ပြည်သူ အကျိုးပြု မြို့ပြသုံး နျူကလီးယား စွမ်းအင် စတဲ့ ကဏ္ဍတွေမှာ အာဆီယံ ဆယ်နိုင်ငံက အဆင့်မြင့် အရာရှိကြီးတွေ ဆွေးနွေးကြမှာပါ” ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ မူဝါဒနှင့်ဥပဒေရေးရာ ဌာနခွဲ မှ လက်ထောက်အတွင်းဝန် ဦးမင်းမင်းဦးက ဆင်ဟွာသို့ပြောသည်။
ထိုအစည်းအဝေးအား မြန်မာနိုင်ငံဘက်မှ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးထိန်ဝင်းက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူရမည်ဖြစ်ပြီး အာဆီယံ ဆွေးနွေးဘက် နိုင်ငံများ ဖြစ်ကြသည့် ဂျပန်၊ တရုတ်၊ ကိုရီးယား နယူးဇီလန်၊ အိန္ဒိယ၊ သြစတြေးလျ ၊ အမေရိကန်နှင့် ရုရှားနိုင်ငံတို့လည်း ထို အစည်းအဝေးသို့တက်ရောက် ဆွေးနွေးကြမည် ဖြစ်ပြီး IEA (International Energy Agency), IAEA (International Atomic Energy Agency) , ARINA (Arina Offshore Company,UAE), ERIN (ERIN Energy Corporation,US) စသည့် အဖွဲ့အစည်းများလည်း တက်ရောက်ကြမည် ဟု ၎င်းက ပြောသည်။
ထိုအစည်းအဝေးက ဆွေးနွေးရရှိသည့် ဆုံးဖြတ်ချက်များကို စက်တင်ဘာလ ၁၉ ရက်မှ ၂၃ ရက်အထိ နေပြည်တော်တွင် ပြုလုပ်မည့် မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် ကျင်းပမည့် အာဆီယံ စွမ်းအင် ဝန်ကြီးများ အစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်သွားမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.