Connect with us

Local

ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲတွင် ကန်ဒေါ်လာ ၅၄ သန်းကျော် ရင်းနှီးမြှုပ်နှံမည့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး

ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲကျင်းပစဉ် (MOI)

ရန်ကုန်၊ မတ် ၁၈ ရက် (ဆင်ဟွာ)

ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲတွင် အမေရိကန်ဒေါ်လာ ၅၄ သန်းကျော် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းလေးခုအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

ချင်းပြည်နယ်အတွင်း ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက် လာစေရန်ရည်ရွယ်ပြီး ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲ (Chin State Investment and Products Fair 2019) ကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) တွင် မတ် ၁၆ မှ ၁၇ ရက်အထိ နှစ်ရက်တိုင် ကျင်းပခဲ့သည်။

ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက “ဒီပွဲမှာ ကနဦးသဘောတူညီမှုအနေနဲ့ လုပ်ငန်းလေးခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ပထမတစ်ခုက လျှပ်စစ်ထုတ်တဲ့လုပ်ငန်း ဖြစ်ပါ တယ်။ ရင်းနှီးမြှုပ်နှံမှုပမာဏက အမေရိကန် ဒေါ်လာ သန်း ၅၀ ရင်းနှီးမြှုပ်နှံဖို့ ရှိပါတယ်။ နောက်တစ်ခုက The Khumi Institute ။ သူကတော့ ပလက်ဝမြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ကနဦးသဘောတူ လက်မှတ် ရေးထိုးတာပါ။ ရင်းနှီးမြှုပ်နှံမှုပမာဏက မြန်မာကျပ် ကျပ်ငွေ သုံးဘီလီယံ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက ချင်းပြည်နယ် တောင်သူ လယ်သမားတွေစုပြီး တည်ထောင်ထားတဲ့ ချင်းတောင်ရတနာ ကုမ္ပဏီလီမိတက်ကနေ လယ်ယာထွက် ကုန်ပစ္စည်းဖြစ်တဲ့ ဝဥ၊ ကော်ဖီ တွေကို တန်ဖိုးမြှင့်ဖို့အတွက် စက်မှုလုပ်ငန်း လုပ်မှာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုပမာဏက အမေရိကန် ဒေါ်လာ တစ်သန်း ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက ဟိုတယ်လုပ်ငန်း ဖြစ်ပါတယ်။ မြန်မာကျပ်ငွေ ၁ ဒသမ ၂ ဘီလီယံ လောက် ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။’’ ဟုပြောသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက “ဒီပြပွဲမှာ ချင်းပြည်နယ်နဲ့ပတ်သက်တဲ့ စီးပွားရေး အလားအလာတွေ တင်ပြတာပါတယ်။ စကားဝိုင်းဆွေး နွေးပွဲလုပ်တယ်။ ချင်းပြည်နယ်ကစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ချင်းပြည်နယ်ကို စီးပွားရေးသွားလုပ်ဖို့ စိတ်ဝင်စားတဲ့ ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်တွေ တွေ့ဆုံပွဲလုပ်တယ်။နားလည်မှုစာချွန်လွှာ လေးခု လက်မှတ်ထိုးတယ်။ တစ်ခုက အမေရိကန်ဒေါ်လာ သန်း ၅၀ တန်ဖိုးရှိတဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းတစ်ခု ပါတယ်။ ကျန်တာကတော့ ပြည်တွင်းလုပ်ငန်းရှင် တွေနဲ့အစိုးရလက်မှတ်ထိုးတယ်။ စိတ်ဝင်စားမှု တော်တော်များလာပါတယ်။ ဒီပွဲလေးပြီးသွားရင် တော့ ချင်းပြည်နယ်မှာ စီးပွားရေးလုပ်ဖို့ အခွင့် အလမ်းတွေပွင့်သွားမှာ ဖြစ်ပါတယ်။’’ ဟုပြောသည်။

ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ အနေဖြင့် ချင်းပြည်နယ်အထိ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိသောကြောင့် ရန်ကုန်မြို့တွင် ကျင်းပရခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.