Connect with us

Local

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ ပို့ကုန်ကဏ္ဍတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၆၃၉.၁၆၆သန်းကျော် ပြည်ပသို့တင်ပို့နိုင်ခဲ့ကြောင်းဆို

ရန်ကုန်ဆိပ်ကမ်းရှိကွန်တိန်နာများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှာ နိုင်ငံပိုင်ကဏ္ဍ နှင့် ပုဂ္ဂလိကကဏ္ဍ ၂ ခုပေါင်း အမေရိကန်ဒေါ်လာသန်းပေါင်း ၁၆၃၉ ဒဿမ ၁၆၆သန်းကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ မှ ညွှန်ကြားရေးမှူးဦးမျိုးသူက ဆင်ဟွာသို့ ဒီဇင်ဘာ ၅ ရက်တွင်ပြောသည်။

“ဒီဘဏ္ဍာနှစ်အစမှာ ကျွန်တော်တို့အနေနဲ့ ရေထွက်ကုန်ပစ္စည်းတွေ၊ လယ်ယာထွက်ကုန်ပစ္စည်းတွေ၊ သတ္တုတွင်းထွက်ပစ္စည်းတွေ၊ သစ်တောထွက်ပစ္စည်းတွေ၊ စက်မှုကုန်ချောပစ္စည်းတွေ နဲ့ ကုန်စည်မျိုးစုံတင်ပို့ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ယှဉ်ရင်တော့ နည်းနည်းလျော့တယ်။ နှစ်အစဆိုတော့ ပြောလို့တော့မရသေးပါဘူး။ COVID-19 ရောဂါအခြေအနေပေါ်မှာလည်း မူတည်ပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

ထိုသို့တင်ပို့ရောင်းချရာတွင် နိုင်ငံပိုင်ကဏ္ဍမှ သတ္တုတွင်းထွက်ပစ္စည်း အမေရိကန်ဒေါ်လာ ၁ ဒဿမ ၃၆၁ သန်း၊ သစ်တောထွက်ပစ္စည်း အမေရိကန်ဒေါ်လာ သုညဒဿမ ၈၃၉ သန်း၊စက်မှုကုန်ချောပစ္စည်း အမေရိကန်ဒေါ်လာ ၁၅၁ ဒဿမ ၉၂၅ သန်းနှင့် အခြားကုန်ပစ္စည်းမှ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၁၀၃ သန်းရှိကြောင်း သိရသည်။ ထို့ကြောင့် နိုင်ငံပိုင်ကဏ္ဍမှ ပို့ကုန်တင်ပို့မှုမှ စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅၅ ဒဿမ ၂၂၈ သန်းရှိကြောင်း သိရသည်။

ပုဂ္ဂလိကကဏ္ဍအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ ၅၁၉ ဒဿမ ၄၈၇ သန်း၊ တိရစ္ဆာန်ထွက်ပစ္စည်း အမေရိကန်ဒေါ်လာ ၁၁ ဒဿမ ၉၅၂ သန်း၊ ရေထွက်ပစ္စည်း အမေရိကန်ဒေါ်လာ ၁၂၆ ဒဿမ ၂၄၅ သန်း၊ သတ္တုတွင်းထွက်ပစ္စည်း အမေရိကန်ဒေါ်လာ ၁၉၇ ဒဿမ ၅၀၉ သန်း၊ သစ်တောထွက်ပစ္စည်း အမေရိကန်ဒေါ်လာ ၁၄ ဒဿမ ၃၈၉ သန်း၊ စက်မှုကုန်ချောပစ္စည်း အမေရိကန်ဒေါ်လာ ၅၅၄ ဒဿမ ၆၀၆ သန်းနှင့် အခြားကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၅၉ ဒဿမ ၇၅သန်းတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ပုဂ္ဂလိကကဏ္ဍမှ ပို့ကုန်တင်ပို့မှုမှ စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၁၄၈၃ ဒဿမ ၉၃၈ သန်း ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

#Export #2020_2021 #Commerce #UMyoThu #Xinhua #အိတ်စပို့ #၂၀၂၀_၂၀၂၁ #စီးပွားကူးသန်း #ဦးမျိုးသူ #ဆင်ဟွာ