Connect with us

Local

COVID-19 ရောဂါကြောင့် ဈေးကွက်ရပ်ဆိုင်းထားရသော မြန်မာ့ခရီးသွားလုပ်ငန်းအားကုစားနိုင်ရန် အများပိုင်ကုမ္ပဏီတစ်ခုတည်ထောင်သွားရန်ရှိကြောင်းဆို

အင်းလေးတွင် နိုင်ငံခြားသားဧည့်သည်များလှေစီးနေကြစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

COVID-19 ရောဂါကြောင့် ဈေးကွက်ရပ်ဆိုင်းထားရသော မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍနှင့် ဆက်နွယ်သည့် လုပ်ငန်းကဏ္ဍများကို ကုစားနိုင်ရန် အများပိုင်ကုမ္ပဏီတစ်ခုကို ခရီးသွားလုပ်ငန်းရှင်များ စုပေါင်းတည်ထောင်သွားရန်ရှိကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ဆင်ဟွာသို့ ဒီဇင်ဘာ ၄ ရက်တွင်ပြောသည်။
“ကျွန်တော်တို့က ခရီးသွားလုပ်ငန်းရှင်တွေနဲ့ အများပိုင်ကုမ္ပဏီကို တည်ထောင်လိုက်တဲ့အခါမှာ ခရီးသွားလုပ်ငန်းရှင်တွေဝင်ငွေပြန်ရလာမယ်။ နောက်တစ်ချက်ကတချို့စီမံကိန်းတွေအကောင်အထည်ဖော်တဲ့အခါ စီးပွားရေးအဖွဲ့အစည်းပုံစံနဲ့ မှ အကောင်အထည်ဖော်လို့ရတာတွေလည်းရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့ကလက်ရှိအခြေအနေအရ ဆောင်ရွက်ဖို့စဉ်းစားရတာဖြစ်ပါတယ်’’ ဟု၎င်းကဖြည့်စွက်ပြောကြားသည်။

COVID-19ကြောင့် ရပ်ဆိုင်းနေသော ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်ရှင်သန်ရန်အတွက် ယခုကဲ့သို့ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်းဆိုသည်။ ၎င်းအများပိုင်ကုမ္ပဏီလုပ်ငန်းစဉ်ကို ယခုဒီဇင်ဘာလအတွင်း အမည်သတ်မှတ်ခြင်း၊ မူဝါဒများချမှတ်ခြင်းနှင့် ကုမ္ပဏီလိုင်စင်လျှောက်ထားခြင်းများ ပြုလုပ်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် နှစ်စတွင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ အများပိုင်ကုမ္ပဏီတည်ထောင်ရန် လတ်တလောတွင် ဒါရိုက်တာအဖွဲ့ဝင်များ အားဖိတ်ခေါ်ထားကြောင်း သိရသည်။ (Xinhua)

#ခရီးသွားကဏ္ဍ #ဆင်ဟွာ #TravelSector #Xinhua